အမ်းနဲ့ သံတွဲမှာ လက်နက်ကြီး ကြောင့် အရပ်သားမိသားစုနှစ်စုက ခြောက်ယောက်သေ၊လေးယောက်ဒဏ်ရာရ

 

ဇွန် ၂၀ -၂၀၂၄
GG (VOM)

ရခိုင်ပြည်၊ အမ်းမြို့နယ်နဲ့ သံတဲဲမြို့နယ်ထဲက ကျေးရွာတွေထဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သားပြည်သူမိသားစုဝင် ခြောက်ယောက်သေဆုံးခဲ့ရပြီး လေးယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့နယ်လို့သိရပါတယ်။

အမ်းမှာက ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်း ၁၁ နာရီလောက်မှာ သဲကမ်းထောင်းရွာထဲကို လက်နက်ကြီးကျရောက်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကြောင့် အသက် ၄ နှစ်အရွယ် မောင်နေမိုးထက် ၊အသက် ၁၇ နှစ်အရွယ် နဲ့ အသက် ၂၅ နှစ်အရွယ် ကိုသန်းဝင်းနိုင်တို့ သေဆုံးခဲ့ကြပြီး အသက်၄၅ နှစ်အရွယ် ဦးမောင်ပု နဲ့အသက် ၆၈ နှစ်အရွယ် ဒေါ်မယဉ်အေးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့သိရပါတယ်။

” လက်နက်ကြီးကျလို့ သုံး​ယောက်ကပွဲချင်းပြီးဆုံးတယ်၊နှစ်ယောက်ကဒဏ်ရာရတယ်။တခြားရွာဘက်တွေလည်းအိမ်ပျက်စီးတာတွေရှိခဲ့တယ်။ လက်နက်ကြီးပစ်ခတ်မှုတွေကတော့ရှိနေတယ်၊ ကဇုကိုင်းတောဟိန်းတောင်ဗျူဟာကုန်းဘက်မှာတိုက်ပွဲတွေကဖြစ်နေတာ၊လေယာဥ်ကွင်းဘက်လည်းလက်နက်ကြီးသံတွေကြားနေရတယ် ” လို့အမ်းဒေသခံတယောက်ကပြောပါတယ်။

တိုက်ပွဲကြောင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူနဲ့ဒဏ်ရာရသူတွေရှိခဲ့တဲ့အပြင် ဆင်ဦးတိုက်ရွာက ဘုန်းကြီး ကျောင်းလည်း ပျက်စီးသွားသလို တိုက်ပွဲဖြစ်ပွားနေတဲ့ ကဇုကိုင်းရွာမှာလည်းလက်နက်ကြီးကြောင့် လူ နေအိမ် ၃ လုံးလည်း ပျက်စီး သွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိလည်း အမ်းမြို့နယ်ထဲကကျေးရွာဘက်မှာ လုံခြုံရေးတပ်တွေနဲ့ AA အကြား တိုက်ပွဲပြင်းထန်နေပြီး အမ်းမြို့လေယာဥ်ကွင်းနဲ့ နမခ အနောက်ပိုင်းစစ်ဌာနချုပ်ဘက်မှာလည်းလက်နက်ကြီးပစ်ခတ်မှုတွေရှိနေတယလို့သိရပါတယ်။

အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်ကစပြီး AA နဲ့ လုံခြုံရေး တပ်ဖွဲတွေအကြား တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး AA က အမ်းမြို့ကိုထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။

သံတွဲမြို့နယ်မှာလည်း ဇွန်လ ၂၀ ရက်နေ့ည က ဆင်ခေါင်းရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီးသုံးယောက် သေဆုံးပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

” ည ၁၁ နာရီကျော်ဆိုတော့ အိပ်နေကျပြီလေ ၊ဒီအချိန်လက်နက်ကြီးကျပြီး ပွဲချင်းပြီးပဲ ၊မိသားစုတွေပဲ၊တိုက်ပွဲရှောင်ပြီးအိမ်ငှားလာနေကြတာ ဖြစ်သွားတာ ” လို့သံတွဲမြို့ခံတယောက်ကပြောပြပါတယ်။

အလားတူ ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ်မှာလည်း ဇွန်လ ၁၈ ရက်နေ့က လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ သုံးဘာသာဂုဏ်ထူးရှင် မိန်းကလေးငယ်အပါအဝင် နှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်တပ်အကြား တကျော့ပြန်တိုက်ပွဲတွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားချိန်ကနေစပြီး ဒီနေ့ ဇွန်လ ၂၁ ရက်အထိ ရခိုင်ပြည်နယ်ကို ကုန်းကြောင်း၊ရေကြောင်းကနေပါ ဝင်ထွက်သွားလာခွင့်ကို နစက ဘက်မှပိတ်ထားသလို ပြည်တွင်းလမ်းအချို့ကိုလည်း AA ဘက်သွားလာခွင့်တားမြစ်ထားတာတွေရှိ ပါတယ်။

တိုက်ပွဲကာလ ခုနှစ်လကျော်ကာလအတွင်းမှာ AA က ရခိုင်ပြည်နယ်ထဲက ပလက်ဝမြို့နယ်၊ ကျောက် တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏား ကျွန်း၊ မြေပုံမြို့ နယ်နဲ့ ရမ်းဗြဲမြို့တွေကို ထိန်းချုပ်ထားတယ်လို့သိရပါတယ်။

AA နဲ့ စစ်တပ်အကြား တိုက်ပွဲကာလကြာရှည်လာတာနဲ့အမျှ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေမှာ ကုန်စျေးနူန်းတွေအဆမတန်မြင့်တက်နေသလို ဒေသတွင်းထွက်ကုန်ပစ္စည်းတွေလည်း အခြားဒေသကိုတင်ပို့ရောင်းချနိုင်ခြင်းမရှိကြောင်း၊ နေရပ်စွန့်ခွာ စစ်ဘေးရှောင်သူလည်း
သိန်းနဲ့ချီပြီး ရှိလာနေ ပါတယ်။

ဒါ့အပြင်တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်သေဆုံးသူတွေ ၊ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့သလို နေအိမ်မီးလောင်ပျက်စီးမှု ၊ဒေသခံပြည်သူတွေ ဖမ်းဆီးထိန်းသိမ်းခံရမှုတွေလည်း အများအပြားရှိနေ တယ်လို့သိရပါတယ်။

#vom#Voiceofmyanmar#ရခိုင်#အမ်း#တိုက်ပွဲ#အရပ်သားသေဆုံး#

Related posts

Leave a Comment

VOM News

FREE
VIEW