ဇွန် ၂၂ – ၂၀၂၄
GG (VOM)
ရန်ကုန် အပါအဝင်နယ်အစုံက ဆန်ပွဲရုံ ၊ဆန်စက်တွေ၊ဆန်ရောင်းဝယ်ရေးဆိုင်တွေကို ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေလုပ်ပြီး ဆိုင်တွေချိတ်ပိတ်ကာ ဖမ်းဆီးမှုတွေအထိ လုပ်နေတယ်လို့ ဆန်ကုန်သည်တွေဆီကသိရပါတယ်။
“ဘုရင့်နောင်ကပွဲရုံးသုံးခုတော့ချိတ်ပိတ်သွားပြီ၊စျေးဦးပေါက်သွားတယ်။ပွဲရုံတခုဆိုရင်သူက စီးတီးမတ်တွေကိုပို့တာရှိတယ်၊သူ့ကိုတော့၃၀ရာခိုင်းတင်လို့ဆိုပြီးအကြောင်းပြဖမ်းတယ်သိရတယ်။စီးတီးမတ်ကိုပို့ဖို့ကဝန်ဆောင်မှုပေးရတာအရမ်းများတယ်၊အလီလီထုတ်ပိုးစနစ်နဲ့ရောင်းရတယ်၊ပြီးတော့လည်းစီးတီးမတ်ကလက်ငင်းလည်းမရဘူး၊ခရက်ဒစ်ထားရတာပေါ့။အခု ဆန်ပွဲရုံတွေကိုလိုက်ဖမ်းတော့ ရောင်းနိုင်သူရောင်းပေါ့၊မရောင်းနိုင်သူကအရောင်းရပ်ပေါ့။ခုလိုဖမ်းတော့မှောင်ခိုစျေးကွက်ဖြစ်လာမှာပေါ့၊သူတို့သတ်မှတ်တဲ့စျေးရောင်းဖို့က ကိုယ်ဝယ်ရတဲ့စျေးတောင်အဲ့စျေးထက်ပိုနေတာဘယ်လိုရောင်းမလဲ၊သူတို့အရင်ရောင်းပေးလေ သူတို့ဆီကဝယ်လို့ရရင် ကျနော်တို့သူတို့သတ်မှတ်စျေးရောင်းပေးလို့ရတယ်။အခုကရန်ကုန်တင်မဟုတ်ဘူးအကုန်လုံးလိုက်စစ်နေတာ ” လို့ ရန်ကုန်အခြေစိုက် ဆန်လက်ကားရောင်းဝယ်ရေးလုပ်ကိုင်ကုန်သည်တယောက်ကပြောပါတယ်။
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်ထဲက ဆန်ရောင်းဝယ်ရေး ဆန်ပွဲရုံ သုံးရုံကိုတော့ မနေ့ကဇွန်လ ၂၁ ရက်နေ့မှာ ဝင်ရောက်စစ်ဆေးပြီး ဆိုင်ကိုချိတ်ပိတ်ကာ ဆိုင်ပိုင်ရှင်တွေကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဒါအပြင် မန္တလေးအပါအဝင်အခြားဒေသတွေမှာလည်း ဆန်စက်တွေ၊ပွဲရုံတွေကိုဝင်စစ်ပြီး ရွှေဘိုပေါ်ဆန်းမွှေးအပါအဝင် ဆန်ကိုသတ်မှတ်စျေးထက်ပိုမရောင်းဖို့ သတိပေးခြင်း၊ သတ်မှတ်စျေးထက်ပိုရောင်းထားကြောင့်စိစစ်တွေ့ရှိသူတွေကိုတော့ ခေါ်ယူထိန်းသိမ်းမှုတွေလုပ်နေတာဖြစ်တယ်လို့သိရပါတယ်။
ခုလို ဆန်ပွဲရုံတွေဝင်ရောက်စစ်ဆေးမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အဖွဲ့ဝင်တယောက်က” ဝင်စစ်ဆေးမှုတွေလုပ်နေတာနှစ်ရက်လောက်တော့ရှိပြီး အသင်းကတာဝန်ရှိသူတွေလည်းပါတယ်၊သတ်မှတ်စျေးထက်ပိုရောင်းလို့ခေါ်ယူမေးမြန်းနေသူတွေလည်းရှိတယ် ” လို့ပြောပါတယ်။
ဇွန်လအတွင်း ရောင်းချဖို့သတ်မှတ်ထားဆန်စျေးတွေက ဧည့်မထ ၂၅ မှတ်ဆန်ကို ၇၀၀၀၀ မှ ၇၂၀၀၀ ကျပ်၊ ဧည့်မထ ၁၅ မှတ်ဆန်ကို ၇၂၀၀၀ မှ ၇၅၀၀၀ ကျပ်၊ဧည့်မထ ၁၀-၅မှတ်ဆန်ကို ၇၅၀၀၀ မှ ၇၈၀၀၀ ကျပ်၊ ရက် ၉၀/ ပခန်း/ အညာသား/ အထူးဧည့်မထအုပ်စုဆန်တွေကတော့ ၈၅၀၀၀ မှ ၉၀၀၀၀ ကျပ်၊ဧရာမင်း/ ဧရာပဒေသာ (မြန်မာပြည်အထက်ပိုင်း)ဆန်က ၉၅၀၀၀ မှ ၁၀၀၀၀၀ ကျပ်၊ဧရာဝတီပေါ်ဆန်းက ၁၁၀၀၀၀ မှ ၁၂၀၀၀၀ ကျပ်၊ အခြားပေါ်ဆန်းဆန်က ၁၀၀၀၀၀ မှ ၁၁၀၀၀၀ ကျပ်၊ ဧရာဝတီကြားပျံ(ဘေးကြား/ တောင်ပျံ)က ၁၂၀၀၀၀ မှ ၁၃၀၀၀၀ ကျပ်နဲ့ ရွှေဘိုပေါ်ဆန်းက ၁၃၅၀၀၀ မှ ၁၄၅၀၀၀ ကျပ်ဖြစ်တယ်လို့သိရပါတယ်။
MRF ကတော့ လအလိုက်ထုတ်ပြန်တဲ့ ရောင်းချရမယ့် ဆန်စျေးနူန်းတွေဟာ စိုက်ပျိုးသူ တောင်သူ၊ ဆန်စက်လုပ်ငန်း၊ သိုလှောင်ဖြန့်ဖြူးရောင်းချသူနဲ့ စားသုံးသူ ပြည်သူအတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်း ဖြစ်စေေ၊ ထည့်သွင်းစဉ်းစားမှု အရင်နှစ် ဈေးနှုန်း၊ နိုင်ငံတကာ ဈေးနှုန်း၊ ပြည်တွင်းဈေးကွက်ရှိ အခြားကုန်ဈေးနှုန်းတွေနဲ့ ချင့်ချိန်ဆက်စပ် တွက်ချက်ထားတာဖြစ်တယ်လို့ဆိုပါတယ်။
ဒါကြောင့် MRF နဲ့ ညီနောင်အသင်းအပါအဝင် ကုန်စည်ဒိုင်အသင်းဝင်၊ ပြည်ပ တင်ပို့တဲ့ Exporter တွေ ၊ ဆန်စပါးကုမ္ပဏီတွေ (လက်ကားရောင်းဝယ်မှု အတွက်) လိုက်နာ ဆောင်ရွက်ဖို့လိုကြောင်း ၊ ဈေးကွက်အတွင်းပြန် ရောင်းချရာမှာ သတ်မှတ်နူန်းထက် (၅%) မှ (၁၀%) အတွင်း ကွာဟမှု ရှိနိုင်တယ်လို့ဆိုပါတယ်။
Super Market Mini Mart တွေမှာတော့ Consumer Packaging အတွက် ဈေးနှုန်း (၁၀%) မှ (၂၀%) အတွင်း ကွာဟမှု ရှိနိုင်ပြီး ၂၀၂၃ ခုနှစ်မိုးစပါးနဲ့နွေစပါးကထွက်ရှိတဲ့ဆန်အသစ်အတွက်စျေးသတ်မှတ်တာဖြစ်တယ်လို့ဆိုပါတယ်။
” သူတို့သတ်မှတ်စျေးနဲ့ရောင်းစေချင်ရင် ရောင်းလို့ရအောင်သူတို့စီစဥ်ပေးလေ၊အခုတော့ ဆန်ကကိုယ့်ဘာဝယ်ရတယ်၊ကိုယ့်ဘာသာဝယ်ပြီးတဲ့ကိုယ့်ပစ္စည်းကိုလာပြီး သူတို့ကစျေးသတ်မှတ်နေလို့မရဘူးလေ၊ ကျနော်တို့ဝယ်ရင်းစျေးကိုက သူတို့ရောင်းခိုင်းတဲ့ရွှေဘိုပေါ်ဆန်းစျေး ၁၄၅၀၀၀ ထက်ပိုနေတာ ကျနော်တို့အဲ့စျေးနဲ့ဘယ်လိုပြန်ရောင်းနိုင်မလဲ၊သူတို့ဝါးတန်းကုန်စည်ဒိုင်တောင်သတ်မှတ်စျေးမရောင်းဘူး ” လို့ ဆန်ပွဲရုံပိုင်ရှင်တယောက်ပြောပါတယ်။
လက်ရှိမှာတော့ အပြင်ဆန်စျေးကွက်မှာ ရွှေဘိုပေါ်ဆန်းက ၂၄ ပြည်တအိတ်ကို အမြင့်ဆုံး ၁၈၀၀၀၀ ၊ ဧရာပဒေသာဆန်က အနိမ့်ဆုံး ၁၅၀၀၀၀ ကျော်၊ အခြားပေါ်ဆန်းဆန်တွေက အနိမ့်ဆုံး ၁၂၀၀၀၀ကျပ်ကစရှိပြီး ဆန်ကြမ်းအုပ်စုဝင်တွေက ၈၀၀၀၀ ကျပ်ကနေ ၁၁၀၀၀၀ ကျပ်အထိရှိတယ်လို့သိရပါတယ်။
Photo:ဆန်ကုန်သည်
VOM Telegram Channel: https://t.me/VOMNEWS2023/7771
VOM Viber Channel: https://invite.viber.com/?g2=AQB7wwugAc75sVHuHo%2Fd0CrKkpLcA%2BlNVq%2Bect5uDImn9%2FvvN4ftUbteUnFXd9we
VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g
VOM Website Link: http://tinyurl.com/ywyd7eyn. ..