ဆန်ပွဲရုံ ၊ဆန်စက်နဲ့ ဆန်ဆိုင်တွေကို ဝင်ရောက်စစ်ဆေးပြီး သတ်မှတ်စျေးထက်ပိုရောင်းသူကို ဖမ်းဆီးကာ ဆိုင်ချိတ်ပိတ်

 

ဇွန် ၂၂ – ၂၀၂၄
GG (VOM)

ရန်ကုန် အပါအဝင်နယ်အစုံက ဆန်ပွဲရုံ ၊ဆန်စက်တွေ၊ဆန်ရောင်းဝယ်ရေးဆိုင်တွေကို ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေလုပ်ပြီး ဆိုင်တွေချိတ်ပိတ်ကာ ဖမ်းဆီးမှုတွေအထိ လုပ်နေတယ်လို့ ဆန်ကုန်သည်တွေဆီကသိရပါတယ်။

“ဘုရင့်နောင်ကပွဲရုံးသုံးခုတော့ချိတ်ပိတ်သွားပြီ၊စျေးဦးပေါက်သွားတယ်။ပွဲရုံတခုဆိုရင်သူက စီးတီးမတ်တွေကိုပို့တာရှိတယ်၊သူ့ကိုတော့၃၀ရာခိုင်းတင်လို့ဆိုပြီးအကြောင်းပြဖမ်းတယ်သိရတယ်။စီးတီးမတ်ကိုပို့ဖို့ကဝန်ဆောင်မှုပေးရတာအရမ်းများတယ်၊အလီလီထုတ်ပိုးစနစ်နဲ့ရောင်းရတယ်၊ပြီးတော့လည်းစီးတီးမတ်ကလက်ငင်းလည်းမရဘူး၊ခရက်ဒစ်ထားရတာပေါ့။အခု ဆန်ပွဲရုံတွေကိုလိုက်ဖမ်းတော့ ရောင်းနိုင်သူရောင်းပေါ့၊မရောင်းနိုင်သူကအရောင်းရပ်ပေါ့။ခုလိုဖမ်းတော့မှောင်ခိုစျေးကွက်ဖြစ်လာမှာပေါ့၊သူတို့သတ်မှတ်တဲ့စျေးရောင်းဖို့က ကိုယ်ဝယ်ရတဲ့စျေးတောင်အဲ့စျေးထက်ပိုနေတာဘယ်လိုရောင်းမလဲ၊သူတို့အရင်ရောင်းပေးလေ သူတို့ဆီကဝယ်လို့ရရင် ကျနော်တို့သူတို့သတ်မှတ်စျေးရောင်းပေးလို့ရတယ်။အခုကရန်ကုန်တင်မဟုတ်ဘူးအကုန်လုံးလိုက်စစ်နေတာ ” လို့ ရန်ကုန်အခြေစိုက် ဆန်လက်ကားရောင်းဝယ်ရေးလုပ်ကိုင်ကုန်သည်တယောက်က​ပြောပါတယ်။

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်ထဲက ဆန်ရောင်းဝယ်ရေး ဆန်ပွဲရုံ သုံးရုံကိုတော့ မနေ့ကဇွန်လ ၂၁ ရက်နေ့မှာ ဝင်ရောက်စစ်ဆေးပြီး ဆိုင်ကိုချိတ်ပိတ်ကာ ဆိုင်ပိုင်ရှင်တွေကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒါအပြင် မန္တလေးအပါအဝင်အခြားဒေသတွေမှာလည်း ဆန်စက်တွေ၊ပွဲရုံတွေကိုဝင်စစ်ပြီး ရွှေဘိုပေါ်ဆန်းမွှေးအပါအဝင် ဆန်ကိုသတ်မှတ်စျေးထက်ပိုမရောင်းဖို့ သတိပေးခြင်း၊ သတ်မှတ်စျေးထက်ပိုရောင်းထားကြောင့်စိစစ်တွေ့ရှိသူတွေကိုတော့ ခေါ်ယူထိန်းသိမ်းမှုတွေလုပ်​နေတာဖြစ်တယ်လို့သိရပါတယ်။

ခုလို ဆန်ပွဲရုံတွေဝင်ရောက်စစ်ဆေးမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အဖွဲ့ဝင်တယောက်က” ဝင်စစ်ဆေးမှုတွေလုပ်နေတာနှစ်ရက်လောက်တော့ရှိပြီး အသင်းကတာဝန်ရှိသူတွေလည်းပါတယ်၊သတ်မှတ်စျေးထက်ပိုရောင်းလို့ခေါ်ယူမေးမြန်းနေသူတွေလည်းရှိတယ် ” လို့ပြောပါတယ်။

ဇွန်လအတွင်း ရောင်းချဖို့သတ်မှတ်ထားဆန်စျေးတွေက ဧည့်မထ ၂၅ မှတ်ဆန်ကို ၇၀၀၀၀ မှ ၇၂၀၀၀ ကျပ်၊ ဧည့်မထ ၁၅ မှတ်ဆန်ကို ၇၂၀၀၀ မှ ၇၅၀၀၀ ကျပ်၊ဧည့်မထ ၁၀-၅မှတ်ဆန်ကို ၇၅၀၀၀ မှ ၇၈၀၀၀ ကျပ်၊ ရက် ၉၀/ ပခန်း/ အညာသား/ အထူးဧည့်မထအုပ်စုဆန်တွေကတော့ ၈၅၀၀၀ မှ ၉၀၀၀၀ ကျပ်၊ဧရာမင်း/ ဧရာပဒေသာ (မြန်မာပြည်အထက်ပိုင်း)ဆန်က ၉၅၀၀၀ မှ ၁၀၀၀၀၀ ကျပ်၊ဧရာဝတီပေါ်ဆန်းက ၁၁၀၀၀၀ မှ ၁၂၀၀၀၀ ကျပ်၊ အခြားပေါ်ဆန်းဆန်က ၁၀၀၀၀၀ မှ ၁၁၀၀၀၀ ကျပ်၊ ဧရာဝတီကြားပျံ(ဘေးကြား/ တောင်ပျံ)က ၁၂၀၀၀၀ မှ ၁၃၀၀၀၀ ကျပ်နဲ့ ရွှေဘိုပေါ်ဆန်းက ၁၃၅၀၀၀ မှ ၁၄၅၀၀၀ ကျပ်ဖြစ်တယ်လို့သိရပါတယ်။

MRF ကတော့ လအလိုက်ထုတ်ပြန်တဲ့ ရောင်းချရမယ့် ဆန်စျေးနူန်းတွေဟာ စိုက်ပျိုးသူ တောင်သူ၊ ဆန်စက်လုပ်ငန်း၊ သိုလှောင်ဖြန့်ဖြူးရောင်းချသူနဲ့ စားသုံးသူ ပြည်သူအတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်း ဖြစ်စေ​ေ၊ ထည့်သွင်းစဉ်းစားမှု အရင်နှစ် ဈေးနှုန်း၊ နိုင်ငံတကာ ဈေးနှုန်း၊ ပြည်တွင်းဈေးကွက်ရှိ အခြားကုန်ဈေးနှုန်းတွေနဲ့ ချင့်ချိန်ဆက်စပ် တွက်ချက်ထားတာဖြစ်တယ်လို့ဆိုပါတယ်။

ဒါကြောင့် MRF နဲ့ ညီနောင်အသင်းအပါအဝင် ကုန်စည်ဒိုင်အသင်းဝင်၊ ပြည်ပ တင်ပို့တဲ့ Exporter တွေ ၊ ဆန်စပါးကုမ္ပဏီတွေ (လက်ကားရောင်းဝယ်မှု အတွက်) လိုက်နာ ဆောင်ရွက်ဖို့လိုကြောင်း ၊ ဈေးကွက်အတွင်းပြန် ရောင်းချရာမှာ သတ်မှတ်နူန်းထက် (၅%) မှ (၁၀%) အတွင်း ကွာဟမှု ရှိနိုင်တယ်လို့ဆိုပါတယ်။

Super Market Mini Mart တွေမှာတော့ Consumer Packaging အတွက် ဈေးနှုန်း (၁၀%) မှ (၂၀%) အတွင်း ကွာဟမှု ရှိနိုင်ပြီး ၂၀၂၃ ခုနှစ်မိုးစပါးနဲ့နွေစပါးကထွက်ရှိတဲ့ဆန်အသစ်အတွက်စျေးသတ်မှတ်တာဖြစ်တယ်လို့ဆိုပါတယ်။

” သူတို့သတ်မှတ်စျေးနဲ့ရောင်းစေချင်ရင် ရောင်းလို့ရအောင်သူတို့စီစဥ်ပေးလေ၊အခုတော့ ဆန်ကကိုယ့်ဘာဝယ်ရတယ်၊ကိုယ့်ဘာသာဝယ်ပြီးတဲ့ကိုယ့်ပစ္စည်းကိုလာပြီး သူတို့ကစျေးသတ်မှတ်နေလို့မရဘူးလေ၊ ကျနော်တို့ဝယ်ရင်းစျေးကိုက သူတို့ရောင်းခိုင်းတဲ့ရွှေဘိုပေါ်ဆန်းစျေး ၁၄၅၀၀၀ ထက်ပိုနေတာ ကျနော်တို့အဲ့စျေးနဲ့ဘယ်လိုပြန်ရောင်းနိုင်မလဲ၊သူတို့ဝါးတန်းကုန်စည်ဒိုင်တောင်သတ်မှတ်စျေးမရောင်းဘူး ” လို့ ဆန်ပွဲရုံပိုင်ရှင်တယောက်ပြောပါတယ်။

လက်ရှိမှာတော့ အပြင်ဆန်စျေးကွက်မှာ ရွှေဘိုပေါ်ဆန်းက ၂၄ ပြည်တအိတ်ကို အမြင့်ဆုံး ၁၈၀၀၀၀ ၊ ဧရာပဒေသာဆန်က အနိမ့်ဆုံး ၁၅၀၀၀၀ ကျော်၊ အခြားပေါ်ဆန်းဆန်တွေက အနိမ့်ဆုံး ၁၂၀၀၀၀ကျပ်ကစရှိပြီး ဆန်ကြမ်းအုပ်စုဝင်တွေက ၈၀၀၀၀ ကျပ်ကနေ ၁၁၀၀၀၀ ကျပ်အထိရှိတယ်လို့သိရပါတယ်။

Photo:ဆန်ကုန်သည်

VOM Telegram Channel: https://t.me/VOMNEWS2023/7771

VOM Viber Channel: https://invite.viber.com/?g2=AQB7wwugAc75sVHuHo%2Fd0CrKkpLcA%2BlNVq%2Bect5uDImn9%2FvvN4ftUbteUnFXd9we

VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g

VOM Website Link: http://tinyurl.com/ywyd7eyn. ..

Related posts

Leave a Comment

VOM News

FREE
VIEW