သိမ်ကြီး​စျေးအနီး YBS အချင်းချင်းတိုက်မိရာကနေ ကားငါးစီးဆင့်တိုက်မှုဖြစ်ပွား

စက်တင်ဘာ ၈ ၊၂၀၂၅
GG (VOM)
ရန်ကုန်တိုင်း ၊ လမ်းမတော်မြို့နယ် သိမ်ကြီး​စျေး နဲ့ ဂမုန်းပွင့်အနီးမှာ ဒီနေ့စက်တင်ဘာ ၈ ရက်နေ့မနက်ပိုင်းက YBS အချင်းချင်းဝင်တိုက်မိရာကနေ ကားငါးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က လှည်းကူး နဲ့ ဆူးလေပြေးဆွဲနေတဲ့ YBS 107 ကားနောက်ပိုင်းကို ရွှေတိဂုံဘုရားလမ်းမီးပွိုင့်မှာ နောက်ထပ် YBS တစီးက ဝင်ရောက်တိုက်မိရာကနေ YBS 107 မှ နောက်ထပ်ကားသုံးစီးကို ထပ်မံဆင့်တိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
YBS107 ကားမောင်းသူကတော့ ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးသွားတယ်လို့သိရပါတယ်။
” မီးပွိုင့်ပျက်နေတာလားတော့မသိဘူး နှစ်ဖက်လုံးက ကားကိုမရပ်ပဲမောင်းတော့ ညီမတို့ကားအနောက်ပိုင်းကို ​​​တခြားကားကနေဖြတ်တိုက်ခံရတာပါ။ အဲဒီမှာ အရှိန်ထိန်းမရပဲ ကားကလည်သွားပြီး ဟိုဘက်လမ်းကြောမှာ ရပ်ထားတဲ့ကားသုံးစီးကိုထပ်တိုက်တာပါ။ ညီမတို့စီးလာတဲ့ကားသမားက ကားမှောက်မှာစိုးပြီး ထိန်းရင်းကနေ ထပ်တိုက်မိတာပါ။ ကားသမားကတော့ ပြေးသွားတယ်။လူတွေတော့ သိပ်မထိခိုက်ပါဘူး။ထပ်အတိုက်ခံရတဲ့ ကားအဖြူလေးကတော့ ကားထိပ်ပိုင်းပျက်စီးသွားတယ်။ ” လို့ YBS 107 ကားပေါ်စီးနင်းလိုက်ပါခဲ့တဲ့ မျက်မြင်တွေ့ရှိ သူကပြောပါတယ်။
ကားငါးစီးဆင့်တိုက်မှု ဖြစ်ပွားမှုကြောင့် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရရှိတာမျိုးမရှိပေမယ့် YBS 107 ကားထိခိုက်ပျက်စီးမှုရှိသလို ထပ်မံဝင်တိုက်ခံရတဲ့ကားတွေလည်း ထိခိုက်ပျက်စီးမှုရှိတယ်လို့သိရပါတယ်။
အဆိုပါ ယာဥ်တိုက်မှု နဲ့ပတ်သက်ပြီး ခရီးသွားပြည်သူတယောက်က ” တလမ်းမောင်းကြီးကို ဘယ်လိုမောင်းလို့ ယာဥ်တိုက်မှုဖြစ်လည်းမသိဘူး။ybs တွေကခုနောက်ပိုင်းအခြေအနေဆိုးလာတယ်။တကားနဲ့တကား ပြိုင်မောင်းတယ်။လမ်းပြောင်းပြန်မောင်းကြတယ်။ခရီးသည်တွေအပေါ် မကြည့်ကြဘူး။ပြိုင်ကားတွေလားထင်ရတယ်။ယာဥ်မောင်းပြေးသွားလည်း.သူ့ယာဥ်လိုင်းကတော့သိမှာပဲလေ။ထိထိရောက်ရောက်အရေးယူပေးဖို့လိုပါတယ်။ ” လို့ ပြောပါတယ်။
ဇူလိုင် ၁၆ ရက်နေ့ ညကလည်း အင်းစိန်မြို့နယ်၊အောင်ဆန်းရပ်ကွက်၊အောက်မင်္ဂလာဒုံလမ်း​မပေါ်၊အောင်ဆန်းစျေးအကျော် မှာ YBS 77 ကားနဲ့ ညဘက်ခရီးသည်ပြေးဆွဲတဲ့ကြားကားတို့ တိုက်မိပြီး လူ ၁၆ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ် YRTC ကတော့ ယာဥ်စည်းကမ်းဖောက်ဖျက်တဲ့ ယာဥ်မောင်းတွေကိုအသိပညာပေးဆွေးနွေးခြင်း ၊ အရေးယူခြင်းတွေ ပြုလုပ်နေတယ်လို့ ဆိုထားပါတယ် ။

လက်ရှိ ရန်ကုန်တိုင်းမှာ YBS ယာဥ်လိုင်းပေါင်း ၁၀၀ ကျော်ကနေ ကားအစီးရေ ၃၇၀၀ ဝန်းကျင်နဲ့ နေ့စဥ် ခရီးသွားပြည်သူ ၁.၅ သန်းကိုပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Thura lin

Related posts

Leave a Comment

VOM News

FREE
VIEW