တိုက်ပွဲ ပြင်းထန်နေတဲ့ ကျောက်မဲနဲ့ နောင်ချို မှာ ပြည်သူတွေ ထိခိုက်၊ သေဆုံးမှုရှိပြီး တချို့ပိတ်မိနေ

 

ဇွန် ၂၅၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ နောင်ချိုမြို့တွေမှာ ဒီနေ့ ဇွန်လ ၂၅ ရက်နေ့မနက်ပိုင်းက နစကတပ်နဲ့ TNLA, PDF ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့ တို့အကြား တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲ အတွင်း ဒေသခံ အရပ်သား ပြည်သူ ကိုးယောက်ထက် မနည်း ထိခိုက် ဒဏ်ရာရကာ သုံးယောက် သေဆုံးပြီး ပြည်သူတချို့ တိုက်ပွဲကြား ပိတ်မိသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ကျောက်မဲမှာ အရပ်သား ပြည်သူတွေ တော်တော် ထိသွားတာ ဟုတ်တယ်။ သေဆုံးတာ နှစ်ယောက်၊ ထိခိုက် ဒဏ်ရာရတာ ကိုးယောက် ဆိုပေမယ့် အဲဒီထက် များနိုင်တယ်။ တိုက်ပွဲ အတွင်း ဆိုတော့ အရေအတွက်က အတည်ပြုလို့ မရဘူး။” လို့ လူမှုကူညီရေး အသင်းဝင် တယောက် က ပြောပါတယ်။

ဒီမနက်ပိုင်းက ကျောက်မဲမြို့ ၉ ကွက်၊ တိလင်မှာ အမျိုးသမီး တယောက် နားထင် ကျည်ထိမှန် သေဆုံးသွားပြီး လမ်းမကြီး အနီး ပန်ပေါင်းရွာမှာလည်း ၁၄ နှစ်အရွယ် မိန်းကလေး တယောက် ထိခိုက်ဒဏ်ရာရကာ ၈ ရပ်ကွက် အခွန်လွတ်ဈေးနား အမျိုးသား တယောက် ကျည်ထိမှန် သေဆုံး၊ တစ်ယောက်ထိခိုက် ဒဏ်ရာရတာတွေရှိပြီး နောက်ထပ် ထိခိုက် ဒဏ်ရာ ထပ်ရတာတွေ တော်တော် ရှိနေသေးတယ်လို့ ဆိုပါတယ်။

နောင်ချိုမှာလည်း ဒီမနက်ကတည်းက လက်ရှိအထိ တိုက်ပွဲ ဖြစ်ထန်နေဆဲ ဖြစ်တယ်လို့ ဒေသခံ စစ်ရှောင် အမျိုးသမီး တယောက်က ပြောပါတယ်။

“နောင်ချို၊ ကျောက်ကြမ်း၊ အုမ္မတီး၊ လမ်းခွဲ တပြိုင်တည်းတိုက်တာ။ နောင်ချိုမြို့ထဲ ဝင်ကုန်ပြီ။ အခုထိ တိုက်ပွဲ ပြင်းထန်နေတယ်။ တောဖက်အဖွဲ့ လမ်းခွဲ ကနေ ပစ်လာတာ သဲခေါ်ရောက်ပြီ။ ရေဝင်ရွာမှာ လည်း ဘယ်အဖွဲ့ ကလည်း မသိဘူး။ ပစ်ကုန်ပြီတဲ့။ ကျွန်မတို့က ဘာမှ မပြင်ထားဘူး ပြေးလာတာ အခု လယ်တောထဲ ရောက်ပြီ” လို့ သူက ရှင်းပြပါတယ်။ လမ်းခွဲ နဲ့ နောင်ချိုက ဒေသခံပြည်သအချို့ ရှောင်တိမ်းလို့ မရပဲ ပိတ်မိနေကြတယ်လို့ သူက ပြောပါတယ်။

ဒီမနက်မှာလည်း တိုက်ပွဲ ဖြစ်လို့ သွားလို့ မရဘူးလို့ ပြောပေမယ့် အိမ်စီး ကားသေးတစီး နောင်ချိုဘက် တက်သွားတာကြောင့် သဲခေါ်အရောက် ယာဉ်မောင်း ဖြစ်သူ ကျည်ထိပြီး ပြန်လှည့်အလာ ဘန့်ဘွေးမှာ သေဆုံးသွားတယ်လို့ သူက ပြောပြပါတယ်။

သဲခေါ်၊ ရေဝင် ဒေသခံတွေကတော့ ရွာလုံးကျွတ် လယ်တောဘက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး နော်ချို ဝန်းကျင်က ဒေသခံတွေကတော့ ကံကြီး ဘက် တိမ်းရှောင်ကြရတယ်လို့ဆိုပါတယ်။

သီပေါ ကနေ ကျောက်မဲ – နောင်ချို – ဘန်ဘွေး အထိ လမ်းပိတ်ထားပြီး ပိတ်မိနေတဲ့ ကားတွေတော့ ရောက်တဲ့ နေရာ ဘေးလွတ်ရာ ရှာပြီး ရပ်ထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ကျောက်မဲ ခမရ ၅၀၁ စစ်တပ်ကိုလည်း TNLA နဲ့ ပူးပေါင်း အဖွဲ့တွေက ဝိုင်းထားတယ်လို့ သိရပြီး အင်အားထောင်ချီ ရှိတယ်လို့ သိရကြောင်း ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ သီပေါဘက်မှာလည်း စစ်ရေး တင်းမာနေပြီး သီပေါမြို့နယ် ဆွတ်လန်း တံတားလည်း ဖောက်ခွဲ ဖျက်ဆီး ခံရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က တရုတ်ရဲ့ ကြားဝင်မှုနဲ့ စစ်တပ်နဲ့ မြောက်ပိုင်း မဟာမိတ်ညီနောင်တို့အကြား သေဘာတူ လက်မှတ်ထိုးထားတဲ့ ဟိုင်ဂင် သဘောတူညီချက် ပျက်သွားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ နောင်ချို မြို့နယ် အပြင် ရှမ်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မိုးကုတ်ဘက်ပါ တိုက်ပွဲ ပြန်လည် ပြင်းထန်လာနေတာ ဖြစ်ပါတယ်။

ဒါအပြင် မန္တလေးတိုင်းထဲက မတ္တရာမြို့အနီးက အင်ကြင်းမြိုင် စစ်တပ်စခန်းကို ဒီမနက် ၆ နာရီခန့်မှာ တော်လှန်ရေး တပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ရာက မနက် ၈ နာရီခန့်ကစ ဆည်တော်ကြီး၊ အင်ကြင်းမြိုင်နဲ့ ပန်းသလဲတောင် ဝန်းကျင်ကို စစ်တပ်ဘက်က လေကြောင်း ဗုံးကြဲ တိုက်ခိုက် လာတာ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒီေန့ ဇွန်လ ၂၅ ရက်နေ့ကစ ည ၇:၀၀ နာရီမှ မနက် ၆း၀၀ နာရီအတွင်း မန္တလေး-မိုးကုတ် ကားလမ်းနဲ့ မန္တလေး-မြစ်ကြီးနား ကားလမ်းတွင် ခရီးသွားလာခြင်းမပြုရန်၊ ကားမှန်များ ချပြီး မောင်းနှင်ရန်၊ စစ် ယာဉ်တွေနဲ့ အနီးကပ်နေထိုင်သွားလာတာကို ရှောင်ကျဉ်ရန်၊ လမ်းခရီးမှာ တိုက်ပွဲဖြစ်သံကြားပါက ဘေးကင်းရာတွင် ကား၊ ယာဉ်တွေ ရပ်နားထားရန် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။

Photo Crd# ဒေသခံ
#voiceofmyanmar #VOM #ကျောက်မဲ #နောင်ချို #တိုက်ပွဲ #ဒေသခံ #ပိတ်မိ ဒဏ်ရာရ#

Related posts

Leave a Comment

VOM News

FREE
VIEW