မိုးကုတ်မြို့အနောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေပြီး ပရဟိတသမားသုံးယောက် ပျောက်ဆုံးနေ၊ မိုးကုတ် ကားလမ်းလည်းပိတ်

 

ဇွန် ၂၆ – ၂၀၂၄
GG (VOM)

မိုးကုတ်မြို့အနောက်ပိုင်း ၊ဒေါ်နန်းကြည်တောင်မှာ ဖြစ်နေတဲ့ TNLA ၊PDF ပူးပေါင်းတပ်တွေနဲ့ နစကတပ်အကြားတိုက်ပွဲက ဒီနေ့ ဇွန်လ၂၆ ရက်မှာမိုးကုတ်အနောက်ပိုင်းမြို့ထဲအထိ တိုက်ပွဲကူးစက်လာနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မြို့ထဲက ရဲစခန်းအပါအဝင် အစိုးရရုံးရှိရာ တွေကို TNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်လာတာကြောင့် မြို့တွင်းအထိပါပစ်ခတ်မှုတွေရှိလာလို့ မြို့ခံပြည်သူတွေမှာ မိုးကုတ်မြို့အရှေ့ပိုင်းကိုပင် သွားလာလို့မရတဲ့အခြေအနေတွေဖြစ်သွားပြီလို့သိရပါတယ်။

“အိမ်ထဲကမှာပဲပုန်းနေရတယ်၊အပြင်မထွက်ရဲဘူး။အရှေ့ပိုင်းကိုတောင်သွားလို့မရတော့ဘူး။မနေ့ကဒေါ်နန်းကြည်တောင်ဘက်မှာတိုက်ပွဲဖြစ်တာ၊ဒီနေ့တော့ မြို့ထဲအထိရောက်လာတယ်။ ရဲစခန်းဘက်ဖြစ်နေတာ ဘယ်မှကိုသွားမရတော့ဘူး၊ မနက်ကထိပစ်နေကြတာ၊အခုတော့ ငြိမ်နေတယ်၊တိုက်ပွဲက ဖြစ်လိုက်ရပ်လိုက်ပဲ ” လို့ မိုးကုတ်မြို့ အနောက်ပိုင်းဒေသခံတယောက်ကပြောပါတယ်။

မနေ့ကမိုးကုတ်မြို့ အနောက်ပိုင်း တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်ခဲ့တဲ့ အမျိုးသားနဲအမျိုးသမီး နှစ်ယောက်ကို ညက အရှေ့ပိုင်းဆေးရုံကြီးဆီ လူနာတင်ယာဉ်နဲ့လိုက်ပို့ပြီး အနောက်ပိုင်းကိုပြန် လာတဲ့ လောကဟိတပရဟိတအသင်းကားလည်း ပစ်ခတ်ခံရပြီး လူနာလိုက်ပို့တဲ့ သုံးယောက်ပျောက်ဆုံးနေ ပြီး ကားကိုပဲတွေ့ရှိထားတယ်လို့သိရပါတယ်။

” ဟုတ်တယ် ၊ကားကိုပဲ တွေ့တယ်။ လူတွေကခုထိမတွေ့သေးဘူး ။သတင်းအစအနကိုမရဘူး။ မဖြစ်ခင်နာရီဝက်လောက်ထိ ဖုန်းကဆက်ရတယ်၊ ပြီးတော့ခုထိဖုန်းကစက်ပိတ်သွားတယ်။ ဘယ်အဖွဲ့ကလုပ်လည်းမသိရဘူး၊သူတို့က မနေ့ကလက်နက်ကြီးထိတဲ့လူနာကိုသွားပို့ပြီးတော့ ပြ်နလာတာ ။ အနောက်ပိုင်းနယ်မြေထဲမှာ ဖြစ်သွား တာ ” လို့ သူကထပ်မံပြောပြပါတယ်။

မိုးကုတ်မြို့ အနောက်ပိုင်းမှာ မြို့ထဲအထိတိုက်ပွဲတွေကူးစက်ကာ ပစ်ခတ်မှုတွေရှိလာပေမယ့် မိုးကုတ်မြို့ အရှေ့ပိုင်းမှာတော့ အခြေအနေတည်ငြိမ်နေဆဲဖြစ်ပြီး မြို့ထဲသွားလာလှုပ်ရှားမှုတော့ နည်းသွားတယ်လို့သိရပါတယ်။

” အရှေ့ပိုင်းက ငြိမ်နေသေးတယ်ဆိုပေမယ့် ကိစ္စအရေးကြီးမရှိရင်အိမ်အပြင်မထွက်ဘူး၊ကျနော်လည်းမထွက်ဘူး။ အိမ်ထဲပဲနေနေတာ၊မထွက်ရဲဘူး။ အတိကျမမြင်ရတော့ပြောရတော့ခက်တယ်။ လက်နက်ကြီးသံတွေကတော့ ကြားရတယ်” လို့ မိုးကုတ်မြို့ ရှေ့ပိုင်းနေထိုင်သူတယောက်ကပြောပါတယ်။

မိုးကုတ်မှာဖြစ်နေတဲ့တိုက်ပွဲအပြင် မတ္တရာဘက်မှာဖြစ်နေတဲ့တိုက်ပွဲကြောင့် လက်ရှိမှာ မတ္တရာ – မိုးကုတ်လမ်းက သွားလာလို့ မရတဲ့အတွက် ကုန်ပစ္စည်းကားတွေလည်း သွားလာမှုရပ်နားထားရတယ်လို့သိရပါတယ်။

ပြင်ဦးလွင် ခရိုင် PDF အဖွဲ့ကလည်း မန္တလေး- မိုးကုတ်ကားလမ်းကို ဇွန်လ၂၅ ရက်နေ့ကစပြီး ည ၇ နာရီမှ မနက်၆ နာရီအတွင်း ခရီးသွားခြင်းမပြုဖို့တားမြစ်ထားပါတယ်။

ကျန်တဲ့သတ်မှတ်ခွင့်ပြုချိန်မှာ သွားလာမယ့် ပြည်သူတွေအနေနဲ့လည်း ခရီးသွားပါက ကားမှန်ချပြီးမောင်းဖို့၊ စစ်ကားတွေနဲ့အနီးကပ်သွားလာခြင်းရှောင်ဖို့၊လမ်းမှာတိုက်ပွဲဖြစ်သံကြားပါက ဘေးကင်းရာမှာ ကားကိုရပ်ထားဖို့ထုတ်ပြန်အသိပေးထားပါတယ်။

အကယ်၍ ထုတ်ပြန်တားမြစ်ခကေ်ကို မလိုက်နာပါက ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကို တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

#Voiceofmyanma r#vom #မိုးကုတ်တိုက်ပွဲ #အနောက်ပိုင်း #အရှေ့ပိုင်း #ကားလမ်းပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW