ဆန်စျေးကွက်ထိန်းချုပ်မှု ဆန်စျေးကမကျဘဲ စပါးစျေးထိုးကျလို့တောင်သူတွေ ဒုက္ခရောက်

 

ဇွန် ၂၈ – ၂၀၂၄
GG (VOM)

ဆန်စျေးနူန်းကျဆင်းအောင်နဲ့တည်ငြိမ်အောင်ဆိုပြီး ဆန်စပါးကုန်သည်တွေကိုအရေးယူတဲ့အပြင် ဆန်ရည်ညွှန်းစျေးပါသတ်မှတ်လိုက်တာကြောင့် ပြည်တွင်း စပါးစျေးကွက်မှာ တင်းတရာကို ၄ သိန်းလောက် အထိစျေးကျဆင်းနေတဲ့အပြင် အရောင်းအဝယ်လည်းအေးသွားတယ်လို့သိရပါတယ်။

ဆန်ပွဲရုံတွေ၊ကုန်သည်တွေဘက်က
ဆန်ဝယ်ယူမှု လျော့ကျလာတဲ့အပြင် သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း စောင့်ကြည့်နေတာကြောင့် စပါးကုန်သည်၊ဆန်စက်တွေက စပါးကိုအရင်ကထက် ၃ သိန်းကနေ ၄ သိန်းလောက်အထိစျေးချဝယ်ယူနေကြလို့ တောင်သူတွေ ဒုက္ခရောက်နေကြတယ်လို့သိရပါတယ်။

စပါးစျေးကွက် ထိုးကျဆင်းသွားတဲ့အပြင် အရောင်းအဝယ်လည်းအေးသွားတယ်လို့သိရပါတယ်။

” သူတို့ကစောင့်ကြည့်နေတာ။ဒီတော့စပါးကိုအမြင့်စျေးနဲ့မဝယ်နိုင်ဘူး။အမြင့်စျေးဝယ်ပြီး သတ်မှတ်စျေးရောင်းရရင် ရှုံးမှာဆိုတော့ စျေးကိုချဝယ်ရတာ။ဒါတောင်ဝယ်သူသိပ်မရှိဘူး၊အဝယ်အေးတယ်။စပါးတွေက ဆန်စက်မှာပုံနေတယ်။စပါးစျေးကွက်ကလတ်တလောတော့ မတက်နိုင်ဘူး၊အခြေအနေစောင့်ကြည့်ရမယ့်သဘောရှိတယ် ” လို့ပဲခူးတိုင်း ဆန်စက်ပိုင်ရှင်တယောက်က ပြောပါတယ်။

အရင်က စပါးစျေးကွက်မှာ နွေစပါးဆိုရင် ပေါင်၅၀ ရှိတင်း တရာကို ၁၆၅၀၀၀၀ ကျပ်အထိစျေးရှိခဲ့ပေမယ့် လက်ရှိမှာက ၁၃၅၀၀၀၀ ကျပ်သာရှိကာ မိုးစပါးအဟောင်းစျေးကလည်း တင်းတရာကို အနိမ့်ဆုံး ၂၃၀၀၀၀၀ ရှိခဲ့ရာကနေ လက်ရှိမှာ သိန်း ၂၀ အောက်ကိုစျေးကျသွားတာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် မိုးစပါးသိုလှောင်ထားတဲ့တောင်သူတွေနဲ့ နွေစပါးမရိတ်ရသေးတဲ့တောင်သူတွေ အဆင်မပြေဘဲဒုက္ခရောက်နေကြရတာဖြစ်တယ်လို့သိရပါတယ်။

” အဆင်မပြေဘူးလေ၊ကိုယ့်လယ်ကထွက်တဲ့စပါးကိုတော့ စျေးကျအောင်လုပ်ပြီး ဆန်ကိုတော့စျေးကြီးပေးဝယ်စားရတာ တောင်သူကိုဖိနှိပ်နေသလိုပဲ။မိုးစပါးဆိုလည်း အရင်၂၄ သိန်းစပါးကခုသိန်း ၂၀ တဲ့။ဒါတောင်သူတို့ဆီအရောက်ပို့စနစ်နဲ့ရောင်းစျေးနွေစပါးဆို ခု၃ သိန်းလောက်ကျသွားတာ။ နွေစပါးက ခုရာသိဥတုအရလှမ်းလို့်လည်းမရဆိုတော့ ရတဲ့စျေးနဲ့ရောင်းကြရမှာ။နစ်နာတာပေါ့ဗျာ။ပွဲစားတွေကခုလိုခွင်ကိုစောင့်နေတာ။စျေးနှိမ်ဝယ်ဖို့ဆိုနောက်မကျဘူး၊တောင်သူလည်းဆန်ဝယ်စားရတာပဲ။အခုစပါးစျေးသာကျတာ ဆန်စျေးကမကျဘူးဗျ၊မယုံရင်ဆန်ဆိုင်တွေလိုက်ကြည့်ပါ၊သူတို့ကပါးတယ်၊ဘယ်ဆိုင်တွေဘယ်လိုရောင်းပေးနေလဲတော့မသိဘူး ရွာကဆန်ဆိုင်သုံးဆိုင်မှာ ၃၀၀၀ တန်ဆန်မရှိဘူး။၃၈၀၀ပဲဲရှိတယ်။ ပေါ်ဆန်းဆို ၆ ပြည်အိတ် ၄၅၀၀၀ ပေးရတယ်ကဲဘယ်စျေးတွေကျနေတာလဲ။ ” လို့ စပါးစိုက်တောင်သူတယောက်ကပြောပါတယ်။

စပါးစျေးကွက်ကျဆင်းနေတာကြောင့် မိုးစပါးသိုလှောင်ထားတဲ့တောင်သူတွေကတော့ လက်ရှိမှာ ထုတ်ရောင်းချခြင်းမရှိဘဲ အခြေအနေကို စောင့်ကြည့်နေပြီး နွေစပါး စိုက်တောင်သူတွေကတော့ အခြောက်လှန်းဖို့အတွက် စပါးအခြောက်ခံစက်ရှားခြင်း၊ ရာသီဥတုအရအခြောက်လှန်းဖို့ လည်းအဆင်မပြေတဲ့အတွက် ပွဲစားတွေဝယ်ယူတဲ့စျေးနဲ့ပဲ ရောင်းချရမယ့်အခြေအနေဖြစ်နေပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်MRF က တာဝန်ရှိသူတယောက်ကတော့ လက်ရှိကာလက ဆန်စပါးစျေးတည်ငြိမ်အောင်လုပ်ဆောင်နေဆဲကာလဖြစ်တာကြောင့် စျေးကွက်မငြိမ်သေးလို့ အရောင်းအဝယ်တွေလည်း မတည်ငြိမ်သေးတဲ့သဘောဖြစ်တယ်လို့ဆိုပါတယ်။

” အရောင်းအဝယ်ပုံမှန်မဟုတ်တော့ ဘယ်သူကဘယ်စျေးနဲ့ရောင်းမယ်ဝယ်မယ်ကသိပ်ပြီး မတည်ငြိမ်သေးဘူး၊ကျွန်တော်တို့ကတော့ ရည်ညွှန်စျေး နဲ့ကိုက်ပြီး ဆန်စျေးစပါးစျေးကိုက်တယ်ဆိုရင် ပုံမှန်လေးအရောင်းအဝယ်လုပ်ပါလို့ တိုင်းနဲ့ပြည်နယ်ကို လှမ်းပြောထားပါတယ် ” လို့ MRF တာဝန်ရှိသူပြောပါတယ်။

လက်ရှိမှာတော့ ဆန်ကို သတ်မှတ်ရည်ညွှန်စျေးနဲ့ ဝယ်ယူရရှိမှုက မြို့ပေါ်ကဆန်ဆိုင်အချို့မှာသာ အကန့်အသတ်နဲ့ဝယ်ယူနိုင်ပြီး ကျေးရွာဘက်တွေမှာတော့ ခုချိန်ထိဆန်စျေးမကျဆင်းဘဲ စပါးစျေးကသာ ထိုးကျဆင်းသွားတာဖြစ်ပါတယ်။

စပါးစျေးကွက်သာကျဆင်းပြီး ဓာတ်မြေဩဇာ စျေး၊စိုက်ပျိုးရေးဆေး၊လယ်ထွန်စက်မောင်းခ၊အလုပ်သမားငှားရမ်းခ ၊စပါးမျိုးကုန်ကျမှု အားလုံးက အရင်ထက်မြင့်တက်နေတာကြောင့် စပါးစိုက်တောင်သူတွေ စိတ်ဓာတ်ကျနေကြပါတယ်။

#Voiceofmyanmar #vom #စပါးစျေးကွက်ကျဆင်း #တောင်သူတွေဒုက္ခရောက် #ဆန်စျေးကမကျ

Related posts

Leave a Comment

VOM News

FREE
VIEW