ပို့ကုန်ရငွေ ဒေါ်လာ ငါးသိန်းနဲ့အထက် ပြန်မဝင်တဲ့ တရုတ်ကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီ ၂၈ ခုကို အမည်ပျက်စာရင်းသွင်း

 

ဇွန် ၂၈ – ၂၀၂၄
SN (VOM)

ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ငါးသိန်းနဲ့အထက် ပြန်လည် ဝင်ရောက်မှုမရှိတဲ့ တရုတ်ကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီ ၂၈ ခုကို အမည်ပျက်စာရင်း (Black List) ထည့်သွင်းလိုက်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန် ကြေညာထားပါတယ်။

DICA ရဲ့ အွန်လိုင်းမှတ်ပုံတင်စနစ်မှာ ဖွဲ့စည်းမှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လေးစားလိုက်နာရမယ့်အပြင် မိမိတို့ လုပ်ကိုင် ဆောင်ရွက်နေတဲ့ လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ အစိုးရဌာန၊ အဖွဲ့အစည်းတွေက ချမှတ်ထားတဲ့ တခြားတည်ဆဲဥပဒေနဲ့ နည်းဥပဒေတွေကို လိုက်နာမှုမရှိကြောင်း တွေ့ရှိရင် မှတ်ပုံတင်အရာရှိက အများပြည်သူသိစေဖို့ ကြေညာ သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ အမည်ပျက်စာရင်းသွင်းခံရတဲ့ ကုမ္ပဏီတွေထဲမှာ တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ စီချွန်ပြည်နယ်အခြေစိုက် မော်တာတွေထုတ်လုပ်တဲ့ ကုမ္ပဏီ CHENGFANG ၊ တရုတ်အစိုးရပိုင် သစ်တောကော်ပရေးရှင်း China International Forestry Group ၊ တရုတ် အီလက်ထရောနစ်ကုမ္ပဏီ IIDA ၊ တရုတ် သယ်ယူထောက်ပို့ ကုမ္ပဏီဖြစ်တဲ့ TOP FORM ၊ ဟောင်ကောင်အခြေစိုက် တရုတ်ကုမ္ပဏီ Royal Crown Supply Chain Group နဲ့ WANG YE ကုမ္ပဏီတို့ ပါဝင်နေတာကို တွေ့ရပါတယ်။

ဒါအပြင် ကမ္ဘောဒီးယားကုမ္ပဏီ RICH FARM ၊ ဂျပန်ကုမ္ပဏီ TAOKE နဲ့ မလေးရှားကုမ္ပဏီ STELL MARIS စတဲ့ ကုမ္ပဏီတွေလည်း ပါဝင်နေပါတယ်။

ဒါနဲ့ ပတ်သက်လို့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က “အခုက စည်းမျဉ်းစည်းကမ်းအတိုင်း သွားတာဖြစ်တယ်။ စည်းကမ်းအတိုင်း မလိုက်နာနိုင်ရင်တော့ အရေးယူခံရမှာပေါ့။ တရားဥပဒေ စိုးမိုးခြင်း ဆိုတာမှာ တရားဥပဒေရှိရင် စိုးမိုးခြင်းက အရေးယူ အပြစ်ပေးခြင်းပဲလေ။ ဒီ Black List က တရုတ်ကုမ္ပဏီတွေတင် မဟုတ်ပါဘူး။ မြန်မာက ဆီတင်သွင်းတဲ့ ကုမ္ပဏီ ရှစ်ခုတောင် Black List သွင်းထားတာပဲ။ အဲဒီတော့ စည်းမျဉ်းစည်းကမ်း လိုက်နာမှုမရှိရင် ဒီလို အရေးယူ အပြစ်ပေးခြင်းတွေကတော့ ရှိကောင်းရှိလာလိမ့်မယ်” လို့ ပြောပါတယ်။

ပြည်တွင်းက‌နေ ပြည်ပကို ကုန်ပစ္စည်းတင်ပို့နေတဲ့ ကုမ္ပဏီတွေအနေနဲ့ နိုင်ငံခြားငွေနဲ့ ရရှိတဲ့ ပို့ကုန်ရငွေတွေကို ကုမ္ပဏီရဲ့ ပြည်တွင်း ဘဏ်စာရင်းထဲကို သတ်မှတ်ချိန်အတွင်း ပြန်လည်ထည့်သွင်းဖို့ နစက က ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ပို့ကုန်တင်ပို့သူတွေဟာ ပို့ကုန်ရငွေတွေကို နိုင်ငံအတွင်းမှာရှိတဲ့ ဘဏ်စာရင်းထဲကို မပျက်မကွက် ထည့်သွင်းဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထားပြီး အာရှနိုင်ငံတွေကို တင်ပို့တဲ့ ပို့ကုန်တွေအတွက် ပို့ကုန်ရငွေကို ၄၅ ရက်အတွင်း၊ အာရှ မဟုတ်တဲ့ တခြားနိုင်ငံတွေကို တင်ပို့တဲ့ ပို့ကုန်ရငွေကို ရက် ၉၀ အတွင်း ပြန်လည်ထည့်သွင်းရမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ ပို့ကုန် ပြန်လည် ဝင်ရောက်မှုအတွက် အချိန်ကာလသတ်မှတ်ချက်ကို အာရှနိုင်ငံတွေကို တင်ပို့တဲ့ ပို့ကုန်တွေအတွက် ၃၀ ရက်၊ အာရှမဟုတ်တဲ့ တခြားနိုင်ငံတွေကို တင်ပို့တဲ့ ပို့ကုန်တွေအတွက် ၆၀ ရက် ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။

“နစကအနေနဲ့ ပို့ကုန် ပြန်ဝင်ရမယ့်ရက်တွေကိုလည်း ထပ်လျှော့ထားတယ်။ အရေးယူတာတွေလည်း ဆက်တိုက် လုပ်နေတယ် ဆိုတော့ ပြည်တွင်းမှာ ဒေါ်လာလိုအပ်ချက် များနေတယ်၊ အသုံးလိုနေတယ် ဆိုတာကို မီးမောင်းထိုးပြနေသလိုပဲ။ ဒေါ်လာ ရဖို့အတွက်ကို တင်းတင်းကြပ်ကြပ်ကို ကိုင်တွယ်နေတာဆိုတော့လေ။ တဖက်မှာ ကုမ္ပဏီတွေကျတော့လည်း ဘယ်လိုဖြစ်လဲဆိုတော့ နယ်စပ်လမ်းကြောင်းတွေ မကောင်းတော့ export မလုပ်နိုင်တာတွေ ရှိတယ်။ ‌အခုက ရေကြောင်းတမျိုးပဲ သွားနေရတာဆိုတော့ ထင်သလောက် အလုပ်မဖြစ်ဘူး။ အဲဒီတော့ export ပမာဏ လျော့ကျနေတယ်။ အဲဒီလို အခက်အခဲတွေ ရှိတယ်။ ဒါကြောင့် ပို့ကုန်ရငွေတွေ သတ်မှတ်ရက်အတွင်း ပြန်ဝင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ကြဘူး။ အဓိက ကတော့ နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတာကြောင့် ကုန်သွယ်မှု မလုပ်နိုင်ကြတာပါ” လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

နစကအနေနဲ့ အရင်ကလည်း ကုမ္ပဏီတချို့ကို ပို့ကုန်ဝင်ငွေ ပြန်လည်ဝင်ရောက်ဖို့ ပျက်ကွက်မှုနဲ့ အရေးယူပြီး ကုမ္ပဏီဘုတ်အဖွဲ့ဝင်တွေကို အမည်ပျက်စာရင်း သွင်းခဲ့ဖူးပါတယ်။

အဲဒီလိုပဲ ဇူလိုင် ၂၄ ရက်မှာလည်း စားအုန်းဆီတင်သွင်းရာမှာ မသမာမှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ AYEYAR HINTHAR TRADING ကုမ္ပဏီ အပါအဝင် ဆီကုမ္ပဏီ ရှစ်ခုကိုလည်း Black List ထည့်သွင်းကြောင်း ကြေညာခဲ့ပါတယ်။

#voiceofmyanmar #VOM #DICA #ပို့ကုန်ရငွေ #ကုမ္ပဏီ #Blacklist

Related posts

Leave a Comment

VOM News

FREE
VIEW