မိုးကုတ်တိုက်ပွဲအတွင်း ကိုရင်တပါးအပါအဝင် သုံးယောက်သေဆုံးပြီး ခုနှစ်ယောက်ထက်မနည်း ဒဏ်ရာရ

 

ဇွန် ၂၈ – ၂၀၂၄
GG (VOM)

မိုးကုတ်မှာ မနေ့က ဇွန်လ၂၇ ရက်နေ့တရက်ထဲ လက်နက်ကြီးကျည်ထိမှန်သေဆုံးသူက ကိုရင်တပါးအပါအဝင် သုံးယောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူ ခုနှစ်ယောက်ထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲကြောင့် မိုးကုတ်မြို့အရှေ့ပိုင်းရော အနောက်ပိုင်းရပ်ကွက်တွေထဲကိုပါ လက်နက်ကြီးတွေကျရောက်ပြီး ရပ်ကွက်ဒေသခံအချို့နဲ့ ကိုရင်လေးတွေ သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” အရှေ့ပိုင်းမှာက တိုက်ပွဲမရှိဘဲ လက်နက်ကြီးကျတာပါ ။ မနေ့ကညနေ လောက်မှာ ဘုန်းကြီးကျောင်းပေါ်ကျပြီး ကိုရင်လေးတပါးပျံလွန်တော်မူတယ် ။ နောက်ထပ်ကိုရင်လေးအချို့ဒဏ်ရာရတယ်။ နောက်ထပ်အောင်ချမ်းသာရပ်ကွက်ထဲလည်းကျပြီး ဒဏ်ရာရသူရှိတယ်သိရတယ်။ အခုမနက်ပိုင်းတော့အသံတွေငြိမ်နေတယ် ” လို့မိုးကုတ်မြို့အရှေ့ပိုင်းနေထိုင်သူတယောက်ကပြောပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်း ရှမ်းတောရပ်ကွက်၊ဥယျာဥ်ကျောက်တိုက်ပေါ်ကို လက်နက်ကြီးကျရောက်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကြောင့် ကျောင်းပေါ်မှာရှိနေတဲ့ ကိုရင်လေးတွေထဲက အသက်၁၀ နှစ်အရွယ်ကိုရင်လေးတပါးပျံလွန်တော်မူခဲ့ပြီး နောက်ထပ်ကိုရင် လေးပါးထိခိုက်ဒဏ်ရာရရှိလို့ ဆေးရုံမှာကုသမှုခံယူနေရတယ်လို့သိရပါတယ်။

အလားတူ တိုက်ပွဲဖြစ်တဲ့ မိုးကုတ်မြို့ အနောက်ပိုင်းမှာက လူးထရပ်ကွက်ထဲကို လက်နက်ကြီးကျရောက်လို့ အသက်ကြီးပိုင်အမျိုးသမီးအပါအဝင် အမျိုးသမီးနှစ်ယောက်သေဆုံးခဲ့ရသလို သုံးယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တ ယ်လို့သိရပါတယ်။

” လူးထရပ်ကွက်ထဲလက်နက်ကြီးကျတာ အိမ်တွေလည်းပျက်စီးတယ်။ အဖွားတယောက်နဲ့ကွမ်းရောင်းတဲ့အမျိုးသမီးတယောက်သေပြီး ဒဏ်ရာရသူတွေလည်းရှိတယ်။ အနောက်ပိုင်းမှာဖြစ်နေတာက အပြင်လည်းထွက်မရ အိမ်ထဲနေတော့လည်း လက်နက်ကြီးနဲ့လေကြောင်းကြောက်ရတယ်။ အခုမနက်တော့အသံတွေငြိမ်နေတယ်၊ကျပ်ပြင်ရဲစခန်းကတော့ သိမ်းလိုက်ပြီလို့လဲသိရတယ်၊အပြင်မထွက်ရဲတော့သေချာမသိရဘူး ” လို့ မိုးကုတ်အနောက်ပိုင်း နေထိုင်သူတယောက်ကပြောပါတယ်။

မိုးကုတ်အရှေ့ပိုင်းက လက်နက်ကြီးထိမှန်ဒဏ်ရာရရှိသူတွေကို ဆေးရုံပို့ပြီးကုသမှုပေးနိုင်ပေမယ့် အနောက်ပိုင်းရပ်ကွက်က လက်နက်ကြီးထိမှန်သူတွေကိုတော့ သွားလာရေးအခက်အခဲကြောင့် ဆေးရုံကိုပို့နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။

အရင်ရက်ကလည်း မိုးကုတ်မြို့အနောက်ပိုင်းမှာ လက်နက်ကြီးထိမှန်သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပြီး ဒဏ်ရာရသူအချို့ကို အရှေ့ပိုင်းဆေးရုံကို လိုက်ပို့တဲ့လူနာတင်ကားပစ်ခတ်ခံရပြီး ပရဟိတသမားသုံးယောက်ပျောက်ဆုံးနေတာကြောင့် လက်ရှိမှာ လူနာလမ်းကြောင်းတွေ သွားလာနိုင်ခြင်းမရှိတာဖြစ်တယ်လို့သိရပါတယ်။

TNLA ၊ PDF ပူးပေါင်းတပ်တွေက ဇွန်လ ၂၅ ရက်ကစပြီး မိုးကုတ်မြို့အနောက်ပိုင်းမှာရှိတဲ့ ဒေါ်နန်းကြည်တောင်က စစ်တပ်စခန်းကိုပထမဆုံးတိုက်ပြီးနောက် ကျပ်ပြင်ရဲစခန်းနဲ့ အေးစေတီမှာ တပ်စွဲထားတဲ့ နစကတပ်တွေကို ဆက်တိုက် ဝင်ရောက်တိုက်ခိုက်နေလို့ မြို့တွင်းတိုက်ပွဲပြင်းထန်လာတာဖြစ်ပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲကြောင့် ၇ မိုင်သာဝေးတဲ့ မိုးကုတ်မြို့အနောက်ပိုင်းနဲ့ အရှေ့ပိုင်းကို သွားလာဖို့ခက်သွားသလို မန္တလေး – မိုးကုတ်လမ်းကလည်း ကားတွေသွားလာမရတော့ဘူးလို့သိရပါတယ်။

#Voiceofmyanmar #vom #မိုးကုတ် #အရပ်သားသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW