သီပေါမှာ လမ်းတွေ ဖြတ်တောက်လိုက်တာ​ကြောင့် ဆွမ်းကိစ္စ ခက်ခဲလာလို့ စာသင်​နေတဲ့ ကိုရင်တွေ နေရပ်ပြန်

 

ဇွန် ၂၈၊ ၂၀၂၄
Shy V (VOM)

သီပေါမှာ လမ်းတွေ ဖြတ်တောက် လိုက်တာကြောင့် ဆွမ်းကိစ္စ ခက်ခဲလာလို့ ဇွန်လ ၂၇ ရက်မှာ စာသင်နေတဲ့ ကိုရင်တွေ မိမိ နေရပ် ပြန်ကုန်ကြရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“သီပေါက ကိုရင်လေးတွေ ကိုယ့်ရွာကိုယ် ပြန်ကြရတယ်။ ရေဟော် ဘုန်းကြီး စာသင်တဲ့ကျောင်းက။ ကိုရင် အပါး ငါးရာ လောက်ရှိတယ်။ ခုတော့ စားသောက်ဖို့ ခက်ခဲကုန်ကြပြီလေ။ ရွာဝေးရွာနီး အဆင်ပြေသလောက် ပြန်ပို့ကြရတာ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

သီပေါ အနီးနားရွာတွေက အပါအဝင် ရပ်ဝေးက ပလောင်လူမျိုး၊ ရှမ်းလူမျိုး အကုန်ပါတယ်လို့ သူက ကပြောပါတယ်။

“မြရွှေဂူကျောင်းက အကုန်ပြောင်းလာပြီး အဲဒီ ရေဟော် ကျောင်းထဲဝင်နေကြတာ။ သီပေါမြို့အထွက် စစ်ကင်း၊ ရဖဲကင်း ရှိတဲ့ နားက ကျောင်းလေ။ အခုက ပြန်ကုန်ကြလို့ ‌ကျောင်းမှာ ကိုရင်တွေ မရှိတော့ဘူး” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားမှုကြောင့် သီပေါ – ကျောက်မဲ – နောင်ချို လမ်းတွေ ပိတ်ထားပြီး မြို့အဝင်အထွက်တေွကိုလည်း ကန့်သတ် ထားတာကြောင့် ကုန်စည်တွေ စီးဆင်းမှု ပြတ်တောက်လာကာ ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက် လာနေတယ်လို့ သူက ပြောပါတယ်။

ဇွန်လ ၂၅ ရက်နေ့ကစ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ၁၀၂၇ ကျော့ပြန် စစ်ဆင်ရေး ပြန်လည် စတင်ခဲ့တာကြောင့် ကျောက်မဲ၊ နောင်ချိုမှာ တိုက်ပွဲ ပြင်းထန်နေပြီး သီပေါ ဘက်မှာလည်း နှစ်ဖက် စစ်ရေး တင်းမာနေကာ ဒေသခံတွေက တိုက်ပွဲပြင်းထန်လာမှာ စိုးရိမ်နေကြတယ် လို့ ဒေသခံတွေက ပြောပါတယ်။

Photo Crd# ဒေသခံ

#voiceofmyanmar #VOM #သီပေါ #လမ်းဖြတ်တောက် #ကိုရင် #နေရပ်ပြန်

Related posts

Leave a Comment

VOM News

FREE
VIEW