ရန်ကုန်က မြို့နယ်တချို့ ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်

 

ဇွန် ၂၉ – ၂၀၂၄
SN (VOM)

လက်ရှိမှာ ရန်ကုန်က မြို့နယ်တချို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ မြို့နေပြည်သူတွေက ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ကတော့ တနိုင်ငံလုံး ဓာတ်အားစနစ်ချို့ယွင်းမှု (System Breakdown) ဖြစ်ပွားခဲ့တာကြောင့် ဓာတ်အား ပြတ်တောက်မှုတွေ ရှိနိုင်တယ်လို့ မနေ့ ဇွန် ၂၈ ရက်က အသိပေး ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့၊ ၇ နာရီ ၅၄ မိနစ်အချိန်ခန့်မှာ နိုင်ငံတော် ဓာတ်အားစနစ်အတွင်း 230kV မန်စံ – ရွှေစာရံလိုင်း အမြဲတမ်းအပြစ် (Permanent. fault) ဖြစ်ခဲ့တာကြောင့် တနိုင်ငံလုံး ဓာတ်အားစနစ်ချို့ယွင်းမှု ဖြစ်နေတာလို့ YESC က ထုတ်ပြန်ထားပြီး ဖြစ်ခဲ့တဲ့ အချိန်နာရီကိုတော့ မနက်နဲ့ ည ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိပါဘူး။

ဓာတ်အားလိုင်း ချို့ယွင်းနေမှုကြောင့် လက်ရှိအချိန်အထိ နိုင်ငံတော် ဓာတ်အားစနစ်အတွင်းကို ရွှေလီဓာတ်အားပေးစက်တွေကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ်နိုင်မှု ၄၀၀ မဂ္ဂါဝပ်ခန့်၊ တနေ့ကို လျှပ်စစ်ပမာဏယူနစ် ၉ ဒသမ ၅ သန်းခန့် လျော့နည်းရရှိနေပြီး နယ်မြေအခြေအနေအရ ပြုပြင်မှုတွေ ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားဆဲဖြစ်တယ်လို့ YESC က ထုတ်ပြန်ထားပါတယ်။

အခုလို လျှပ်စစ်မီး ပြတ်တောက်နေတာနဲ့ ပတ်သက်လို့ မြောက်ဒဂုံမြို့နယ်နေ ပြည်သူတယောက်က “မီးပျက်ချိန်တွေသာ များနေတာ။ မီတာခ ယူနစ်တွေကတော့ လျော့မသွားဘူး။ မီတာစာရွက် ကြည့်လိုက်ရင်တော့ တခါမှ မီးမပျက်ထားသလိုပဲ။ မီးလာချိန်က ထမင်းအိုး တအိုးတောင် ကျက်မသွားဘူး။ လျှပ်စစ်မီးနဲ့ ဟင်းချက်နိုင်ဖို့ဆို အဝေးကြီး။ မနေ့ကဆို မနက် ၈ နာရီကတည်းက မီးပျက်သွားတာ တနေကုန်ပဲ။ ဒီနေ့လည်း မနက် ၉ နာရီ လာရမယ့်မီးက ၉ နာရီထိုးတော့ ၁၀ မိနစ်လောက်ပဲ အလာပြသွားပြီး ပြန်ပျက်သွားတာ မီးပျက်ရမယ့်အချိန် နေ့လယ် ၁ နာရီ ရောက်တဲ့အထိပဲ။ ကြားထဲမှာ တချက်လေးမှ ပြန်လာမသွားဘူး။ ဒီနေ့လည်း တနေကုန် မီးပျက်မယ့်သ‌ဘော ရှိတယ်” လို့ ပြောပါတယ်။

YESC ကတော့ ရန်ကုန်တိုင်းအတွက် မူလလျာထား‌တဲ့ ဓာတ်အားပမာဏထက် ၂၀ ရာခိုင်နှုန်း၊ နေ့စဉ်ယူနစ် ၅ ဒသမ ၆၄၇ သန်းခန့် လျော့နည်းရရှိခဲ့တဲ့အတွက် လက်ရှိမှာ အရေးပေါ် ဝန်အားလျှော့ ထိန်းညှိခြင်းတွေ ဆောင်ရွက်နေရတယ်လို့ အသိပေးထားပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်တွေနဲ့ အများပြည်သူတွေကို အရင်ရက်ပိုင်း သုံးစွဲ၀န်အား ထက် လျော့ချပြီး ဓာတ်အားဖြန့်ဖြူးနေရသလို အရေးပေါ်၀န်အား ထိန်းညှိ‌မှု ဆောင်ရွက်နေရတာတွေကြောင့်လည်း မြို့နယ်တချို့မှာ ယာယီဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

VOM က လတ်တလောရရှိထားတဲ့ စာရင်းတွေအရ မီးပျက်နေတဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေကတော့ မှော်ဘီ၊ ဒေါပုံ၊ သာကေတ၊ ပုသိမ်ညွှန့်၊ တာမွေ၊ မရမ်းကုန်း၊ ပုဇွန်တောင်၊ ဗဟန်း၊ ရွှေဂုံတိုင်၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ရွှေပြည်သာ၊ သန်လျင်၊ အင်းစိန်၊ သင်္ဃန်းကျွန်း၊ သုဝဏ္ဏနဲ့ ဒဂုံ လေးမြို့နယ်ဖြစ်တဲ့ ဒဂုံဆိပ်ကမ်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်း အစရှိတဲ့ မြို့နယ်တွေအပါအဝင် မြို့နယ်အများစု ပါဝင်နေတာကို သိရှိရပါတယ်။

“တညလုံး လာလိုက် ပျက်လိုက်နဲ့။ မနက် ၄ နာရီကျော်ကတည်းက ပျက်တာ။ ခုထိ မလာတော့ဘူး။ မြို့နယ် EPC ကို ဖုန်းဆက်တော့လည်း ချက်ချင်း မကိုင်ကြဘူး။ ဖုန်းကိုင်တော့လည်း ဖုန်းကို ဘေးချထားပြီး လုပ်ချင်ရာ လုပ်နေတယ်။ မီးမလာတော့ ရေတင်ဖို့တောင် အချိန်မရဘူး။ ပျက်နေတာ။ သူတို့ပြောတဲ့ ယာယီက ခဏခဏ ဖြစ်ဖြစ်နေတဲ့ ယာယီ။ မနေ့ကလည်း မနက် ၈ နာရီကတည်းက တနေကုန် ပျက်သွားတာ ညအထိပဲ” လို့ တောင်ဥက္ကလာပမြို့နယ်က ပြည်သူတယောက်က ပြောပါတယ်။

နစကအနေနဲ့ ရန်ကုန်မြို့ကို ၄ နာရီခြား လျှပ်စစ်မီး အလှည့်ကျပေးနေတာဖြစ်ပြီး လက်ရှိမှာတော့ မြို့နယ်တိုင်းလိုလိုမှာ မီးလာရမယ့်ချိန်အတွင်း လျှပ်စစ်မီး အပြည့်အဝ မရရှိကြဘူးလို့ ပြည်သူတွေက ပြောပါတယ်။

“မြို့နေလူတန်းစားက မီးမရတာ တော်တော်ဒုက္ခရောက်တယ်။ မီးပျက်တာက တနာရီ၊ နှစ်နာရီလည်း မဟုတ်ဘူး။ မနေ့က မနက် ၆ နာရီကတည်းက ပျက်သွားတဲ့မီးက မီးပျက်ချိန် ၂၄ နာရီပြည့်တဲ့အထိ ပြန်မလာဘူး။ ရေတင်ဖို့ တော်တော်ဒုက္ခရောက်တယ်။ မီးသာမလာတာ မီတာခကျတော့ နှစ်ဆတက်သွားတယ်။ မီးလာချိန်တွေသာ တိုးမလာတာ၊ မီတာခကျတော့ တိုးလာတယ်” လို့ တာမွေမြို့နယ်နေ ပြည်သူတယောက်က ပြောပါတယ်။

၂၀၁၉ ခုနှစ်စာရင်းအရ တနိုင်ငံလုံး အတိုင်းအတာရဲ့ ၅၀ ရာခိုင်နှုန်းက လျှပ်စစ်ဖူလုံစွာရရှိခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးတဲ့ နောက်ပိုင်းမှာတော့ လျှပ်စစ်မီးရရှိမှု အရင်ထက် ပိုမိုလျော့ကျလာခဲ့သလို အချိန်မှန် မီးပေးနိုင်ခြင်းလည်း မရှိတော့ဘဲ လျှပ်စစ်မီးလာချိန်ကို အချိန်နာရီနဲ့ သတ်မှတ်ပေးနေတာဖြစ်ပါတယ်။

လက်ရှိမှာ လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာနေတာကြောင့် စီးပွားရေးလုပ်ကိုင်သူတွေ အခက်တွေ့နေရသလို ပြည်သူတွေ အနေနဲ့လည်း နေထိုင်စားသောက်ရေးအတွက် အခက်အခဲတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဓာတ်အား #ပြတ်တောက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW