DMG သတင်းထောက်နဲ့ ရုံးဝန်ထမ်း အလုပ်နဲ့ ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခံရ

 

ဇွန် ၂၉ – ၂၀၂၄
SN (VOM)

ရခိုင်ပြည်အခြေစိုက် Development Media Group (DMG) သတင်းဌာနက သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို နစက က အလုပ်နဲ့ ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်တယ်လို့ အဲဒီသတင်းဌာနက မနေ့ ဇွန် ၂၈ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်းမှ ရဲအုပ် ဗိုလ်ဗိုလ်ကျော်က တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းက တရားစွဲဆိုထားတာဖြစ်ပြီး အခု ၂၀၂၄ ခုနှစ်၊ ဇွန် ၂၈ ရက်မှာတော့ စစ်တွေမြို့နယ်တရားရုံးကနေ အမိန့် ချမှတ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အခုလို DMG သတင်းဌာနက ဝန်ထမ်းနှစ်ဦးကို အလုပ်နဲ့ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်ခြင်းဟာ သတင်းမီဒီယာတွေကို ဖိနှိပ်ရုံသာမက သတင်းလွတ်လပ်ခွင့်၊ သတင်းသမား ဘေးကင်းလုံခြုံခွင့်၊ ပြည်သူတွေရဲ့ သတင်းမှန်သိပိုင်ခွင့်ကို ရိုက်ချိုးရာ ရောက်တယ်” လို့ DMG သတင်းဌာနက ထုတ်ပြန်ပြောဆိုထားပါတယ်။

ဒါကြောင့် ဒီဖြစ်ရပ်အပေါ် DMG က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားပြီး သူတို့နှစ်ယောက် အပါအဝင် နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေအားလုံးကို လွှတ်ပေးဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေက နစကကို ဖိအားပေးကြဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။

DMG သတင်းထောက် ကိုထက်အောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် (သီတင်းကျွတ်လပြည့်နေ့) က စစ်တွေမြို့၊ ဝင်္ကဘာကွင်းမှာ ပြုလုပ်တဲ့ ဆွမ်းတော်ကြီး လောင်းလှူပွဲကို ဓါတ်ပုံရိုက်နေချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ အဲဒီ သတင်းဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက် နစက က စစ်တွေမြို့ရှိ DMG ရုံးကို ဝင်ရောက်စီးနင်းခဲ့ကာ ရုံးရှိ ကင်မရာ၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းယူခဲ့သလို ညစောင့်ဝန်ထမ်းဖြစ်သူ ကိုစိုးဝင်းအောင်ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရုံးကိုလည်း ချိပ်ပိတ်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဖမ်းဆီးခံရချိန် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်က နစက က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ ပြောင်းလဲအမှုဖွင့်ခဲ့ကာ ရှစ်လအကြာ မနေ့ ဇွန် ၂၈ ရက်မှာတော့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

နစကအနေနဲ့ ကိုထက်အောင်နဲ့ ကိုစိုးဝင်းအောင်အပြင် နောက်ထပ် DMG ဝန်ထမ်း (သတင်းထောက်နဲ့ အယ်ဒီတာတွေအပါအဝင်) ၁၈ ယောက်ကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ အမှုဖွင့်ထားပြီး လက်ရှိမှာ အဲဒီဝန်ထမ်းတွေ အားလုံး တရားခံပြေးတွေအဖြစ် သတ်မှတ်ခံထားရတယ်လို့ DMG ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစလို့ မြန်မာနိုင်ငံမှာ ပြည်တွင်းသတင်းမီဒီယာ လွတ်လပ်ခွင့် တစထက်တစ ကျဆင်းလာခဲ့တာဖြစ်ပြီး ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံလည်း ပါဝင်နေတယ်လို့ မေလ ၃ ရက်နေ့က ကျရောက်ခဲ့တဲ့ “ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့” မှာ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ရဲ့ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းကို ထုတ်ပြန်တာမှာလည်း မြန်မာနိုင်ငံက အဆင့် ၁၇၁ မှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အခုလို သတင်းမီဒီယာ လွတ်လပ်ခွင့် ဆုံးရှုံးနေတာနဲ့ ပတ်သက်လို့ ဝါရင့်သတင်းစာဆရာကြီး တယောက်က “မီဒီယာလွတ်လပ်ခွင့်က လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်မြင့်နေတာနဲ့အတူ ကျဆင်းနေဦးမယ်လို့မြင်တယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ပိုအရှိန်မြင့်လာလေလေ သတင်းသမားတွေလည်း အသက်အန္တရာယ် ပိုကျရောက်နိုင်တာ သတိထားရမယ့် အချက်တချက်ဖြစ်ပါတယ်။ အခုအချိန်မှာ ရေးတာမကြိုက်ရင် တရားစွဲတာမျိုးထက် အသက်အန္တရာယ်အထိ ကျရောက်နိုင်တဲ့ခေတ်လို့ ပြောရမယ်ထင်တယ်” လို့ သုံးသပ် ပြောဆိုပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံဟာ သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံး နိုင်ငံထဲမှာပါဝင်နေပြီး အခု ၂၀၂၄ ခုနှစ်အတွင်း သတင်းထောက် ဖိုးသီဟ (ခေါ်) မြတ်သူထွန်း သတ်ဖြတ်ခံထားရသလို သတင်းသမား ၅၉ ယောက်နဲ့ သတင်းမီဒီယာလုပ်ငန်းထဲက ဝန်ထမ်း သုံးယောက်၊ စုစုပေါင်း ၆၂ ယောက် ဖမ်းဆီးခံထားရတယ်လို့ RSF ရဲ့ မေလ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#voiceofmyanmar #VOM #DMG #သတင်းထောက် #ရုံးဝန်ထမ်း #အလုပ်နဲ့ထောင်ဒဏ် #ငါးနှစ်စီ #ချမှတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW