မတ္တရာမြို့နယ်မှာ နယ်မြေမအေးချမ်းပေမယ့် တောင်ပြုံးပွဲတော်ကို လုံခြုံရေးအပြည့်နဲ့ ကျင်းပသွားမယ်

 

မန္တလေး၊ ဇွန်- ၃၀- ၂၀၂၄
SA(VOM)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တကျောမှာ နယ်မြေ
အခြေအနေတွေ မတည်ငြိမ်ပေမယ့် တောင်ပြုံးကြီးကျေးရွာက အနော်ရထာမင်းတည်ထားကိုယ်းကွယ်ခဲ့တဲ့ ဆုတောင်းပြည့် ဆုတောင်းရစေတီဘုရားပွဲတော်နဲ့တောင်ပြုံးမင်းနှစ်ပါးပူဇော်ပွဲကို ဝါခေါင်လဆန်း ၈ ရက်နေ့ကစတင်ပြီး လုံခြုံရေးအပြည့်နဲ့ ကျင်းပသွားမယ်လို့ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီကနေ သိရပါတယ်။

” ဆိုင်ခန်းတချို့တောင် နေရာယူထားတာတွေ လုပ်နေကြပါပြီ၊ ကိုဗစ်ကာလတွေမှာလည်း ပွဲတော်ကို အကျဥ်းရုံးပြီး ကျင်ပခဲ့တော့ ၂၀၂၃ ခုနှစ် ပွဲတော်ကို ပြန်လည်ကျင်းပတဲ့နှစ်မှာလည်း လူစည်ကားခဲ့ပါတယ်။ တောင်ပြုံးနယ်မြေတဝိုက်မှာတော့ နယ်မြေအေးချမ်းပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတာတွေက မတ္တရာမြို့နဲ့ မြောက်ဘက်ခြမ်းက ရွာတွေမှာပဲ ဖြစ်နေတာပါ၊ လုံခြုံးရေး အတွင်းစည်း၊ အပြင်စည်း နှစ်ထပ်ချပြီး ပွဲတော်ကို ကျင်းပသွားမှာပါ” လို့ တောင်ပြုံးကြီးကျေးရွာ ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင်က VOM ကိုပြောပါတယ်။

တောင်ပြုံးနယ်တဝိုက်မှာရှိတဲ့ ကျေးရွာ ၈ ရွာက ဒေသခံတွေနဲ့ ရပ်ကျေးစီမံအဖွဲ့က အတွင်းစည်းမှာ လုံခြုံရေးယူထားမယ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နဲ့ နစက လုံခြုံ ရေးအဖွဲ့တွေက အပြင်စည်းမှာ လုံခြုံရေးယူထားပြီး ပွဲတော်ကို ၁၃၈၆ ခုနှစ် ဝါခေါင်လဆန်း ၈ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ ကျင်းပသွားမယ်လို့ ဂေါပကဥက္ကဋ္ဌ ဦးဌေးအောင်က ပြောပါတယ်။

” သူတို့က ပွဲတော်ကျင်းပမယ်လို့သာ ကြေငြာထားတာ၊ ဘာမှန်းမသိသေးဘူးလေ၊ အနီးနားရောက်မှပဲ သွားသင့်၊ မသွားသင့် ဆုံးဖြတ်လို့ရမှာပါ၊ အဲ့ဘက်က သိပ်ပြီး မအေးချမ်းသေးဘူးလေ၊ ချင့်ချိန်ပြီးတော့သွားရမှာ ” လို့ တောင်ပြုံးပွဲတော်ကို နှစ်စဥ်သွားရောက် ပူဇော်နေတဲ့ နတ်ကတော်တယောက်က ပြောပါတယ်။

တောင်ပြုံးပွဲတော်ကို တောင်ပြုံးရွာ ဆုတောင်းပြည့်၊ ဆုတောင်းရဘုရားပွဲဖြစ်တဲ့ ဝါခေါင်လပြည့်နေ့မှာ ဆွမ်းတော်ကြီးလောင်းလှူပွဲ၊ သံဃာတော်တွေကို ဆွမ်းဆန်စိမ်းနဲ့လှူဖွယ်ပစ္စည်းများလှူဒါန်းပွဲထက် မင်းနှစ်ပါးနဲ့ ပတ်သက်တဲ့ ကန်တော့ခံပွဲ၊ စံနန်းတော် မင်္ဂလာရေစင်ဆေးပွဲ၊ ညီလာခံသဘင်၊ ချိုးရေတော်သုံးပွဲ၊ ယုန်ထိုးပွဲ၊ ထိန်ခုတ်ပွဲစတဲ့ ရိုးရာနတ်ပွဲတော် အစဉ်အလာတွေကို ပိုမို လူသိများကြတာလည်း ဖြစ်ပါတယ်။

တောင်ပြုံးပွဲတော်ကို ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ကျန်းမာရေးကိစ္စရပ်တွေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အကျဉ်း ရုံးသာ ကျင်းပဖြစ်ပေမယ့် ၂၀၂၃ ခုနှစ်မှာတော့ အနယ်အနယ်အရပ်ရပ်က လာရောက်ကျင်းပကြတယ်လို့ သိရပါတယ်။

မတ္တရာမြို့တောင်ဘက်ခြမ်းမှာတော့ ထိတွေတိုက်ပွဲဖြစ်တာတွေ မရှိပေမယ့် မတ္တရာအရှေ့ခြမ်းမှာရှိတဲ့ ကျေးရွာတွေဖြစ်တဲ့ အင်ကြင်းမြိုင်၊ ဂွေးပင်၊ စလေ၊ မြစ်ကမ်း၊ ဆင်ရွာ၊ သဲဖြူချောင်း အပါအဝင် ဆည်တော်ကြီးချောင်း မြောက်ဘက်က ကျေးရွာ ဆယ်ရွာခန့်က ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရပြီး စစ်ရှောင်ဦးရေ တသောင်းကျော်ရှိနေပြီဖြစ်တယ်လို့ မတ္တရာမြို့နယ်ဒေသခံတွေက ပြောပါတယ်။

VOM Telegram Channel: https://t.me/VOMNEWS2023/7936

VOM Viber Channel: https://invite.viber.com/?g2=AQB7wwugAc75sVHuHo%2Fd0CrKkpLcA%2BlNVq%2Bect5uDImn9%2FvvN4ftUbteUnFXd9we

VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g

VOM Website Link: http://tinyurl.com/ywyd7eyn. ..

#voiceofmtanmar #VOM #မန္တလေး #တောင်ပြုံးပွဲတော်

Related posts

Leave a Comment

VOM News

FREE
VIEW