မင်းတပ်မှာ စစ်ရေးတင်းမာနေလို့ မြို့ခံ ၈၀ ရာခိုင်နှုန်း မြို့ကိုစွန့်ခွာ

 

ဇူလိုင် ၁ – ၂၀၂၄
SN (VOM)

မင်းတပ်မှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတာကြောင့် မြို့ခံ ၈၀ ရာခိုင်နှုန်းလောက် မြို့ကိုစွန့်ခွာပြီး တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်အရေး ကူညီသူတွေက ပြောပါတယ်။
မတူပီမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်အင်အားစုတွေက သိမ်းပိုက်လိုက်ပြီးနောက် ချင်းပြည်နယ်အတွင်း ကျန်ရှိနေသေးတဲ့ နစကတပ်စခန်းတွေကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်သွားမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက်မှာ မြို့ခံအများစု နေရပ်စွန့်ခွာနေကြတာဖြစ်ပါတယ်။
ချင်းညီနောင် မဟာမိတ်အနေနဲ့ ဇွန်လ ၁၇ ရက်က မတူပီမြို့ရှိ နစက ခြေမြန်တပ်ရင်း (ခမရ – ၃၀၄) ကို သိမ်းပိုက်ခဲ့ပြီး ဇွန် ၂၉ ရက်နေ့မှာတော့ ချင်းပြည် (တောင်ပိုင်း) မှာ အကြီးဆုံးဖြစ်တဲ့ စစ်ဗျူဟာနဲ့ ခြေလျင်တပ်ရင်း (ခလရ – ၁၄၀) တပ်ရင်းတို့ကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာကြောင့် မတူပီမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ ချင်းညီနောင်က ဇွန် ၂၉ ရက်နေ့မှာ ထုတ်ပြန် ကြေညာထားပါတယ်။

လက်ရှိမှာ ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက မတူပီမြို့နယ်အတွင်း ကျန်ရှိနေသေးတဲ့ နစကတပ်ရင်းတွေ၊ တပ်စခန်းတွေနဲ့ ဗျူဟာကုန်းတွေကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်သွားမယ်လို့ ကြေညာထားပါတယ်။

“မင်းတပ်မှာ ဒေသခံ ၈၀ ရာခိုင်နှုန်းလောက်က တိမ်းရှောင်သွားကြပြီ။ မြို့ထဲမှာ အနည်းအကျဉ်းလောက်ပဲ ကျန်ခဲ့တာ။ ကျန်ခဲ့တဲ့သူတွေက ဘိုးဘွားတွေ၊ ထွက်ပြေးသွားလာဖို့ ခက်ခဲတဲ့ လူတွေ ကျန်ခဲ့တာပါ။ မြို့သိမ်းတိုက်ပွဲက သတင်းထွက်နေတာတော့ ကြာပြီ။ ဒါပေမယ့် အခုအချိန်ထိတော့ တိုက်ပွဲဖြစ်တာ မရှိသေးဘူး။ လက်ရှိမှာတော့ နစကဘက်က အင်အားဖြည့်တင်းတာတွေ လုပ်နေတာတွေ့ရတယ်” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေတဲ့ မြေပြင်တာဝန်ခံက ပြောပါတယ်။

မင်းတပ်မြို့ပေါ်မှာ လူဦးရေ သုံးသောင်းခွဲလောက် နေထိုင်ကြတာမှာ အဲဒီထဲက ၂၀ ရာခိုင်နှုန်းလောက်သာ မြို့ပေါ်မှာ ကျန်ရှိခဲ့တာဖြစ်ပြီး ၈၀ ရာခိုင်နှုန်းသော ဒေသခံတွေကတော့ နေရာဒေသအစုံကို စစ်ဘေးရှောင်သွားကြပြီဖြစ်တယ်လို့ သူက ပြောပါတယ်။

မင်းတပ်မြို့ပေါ်နဲ့ အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံတွေဟာ မြို့နယ်အတွင်းက တခြားကျေးရွာတွေ၊ တောတောင်နဲ့ တောင်ယာတွေမှာ ယာယီတဲတွေ ဆောက်လုပ်ပြီး စစ်ဘေးရှောင်နေကြရသလို တချို့ ဒေသခံတွေကတော့ မကွေးတိုင်းဘက်နဲ့ ရန်ကုန်၊ မန္တလေးဘက်ကို စစ်ဘေးရှောင်သွားကြတာဖြစ်တယ်လို့ သူက ပြောပါတယ်။

နိုင်ငံရေးအပြောင်းအလဲ သုံးနှစ်ကျော်ကာလအတွင်း ၂၀၂၄ ခုနှစ်၊ မတ်လအထိ စာရင်းတွေအရ မင်းတပ်မြို့မှာ စစ်ဘေးရှောင် တသောင်းငါးရာဝန်းကျင် ရှိနေပြီး ဧပြီ၊ မေနဲ့ ဇွန်လက စစ်ဘေးရှောင်တွေရဲ့ စာရင်းကတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လက်ရှိအချိန်အထိ ကောက်ယူနေဆဲ ဖြစ်တယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

ချင်းပြည်အတွင်း နစကတပ် ကင်းစင်ရေးအတွက် ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ အာရက္ခတပ်တော် (AA)၊ ယောတပ် (Yaw Army – YA) နဲ့ ယောကာကွယ်ရေးတပ် (Yaw Defense Force – YDF) တို့ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ် အစောပိုင်းမှ စတင်ကာ ချင်းညီနောင်စစ်ရေး (Operation CB ) ကို ဖော်ဆောင်နေခြင်းဖြစ်တယ်လို့ ချင်းညီနောင်က ထုတ်ပြန်ထားပေမယ့် နစကဘက်ကတော့ ချင်းပြည်နယ်ရဲ့ စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

#voiceofmyanmar #VOM #ချင်းပြည်နယ် #မင်းတပ် #နစက #အင်အားဖြည့်

Related posts

Leave a Comment

VOM News

FREE
VIEW