မတ္တရာမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ရွာလုံးကျွတ် တိမ်းရှောင်နေရတာတွေ ရှိနေ

 

ဇူလိုင် ၁ – ၂၀၂၄
SN (VOM)

မန္တလေးတိုင်း၊ မတ္တရာမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ကျေးရွာနေပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေး-မိုးကုတ် ကားလမ်းပေါ်မှာရှိတဲ့ နစကပိုင် Alpha ဘိလပ်မြေစက်ရုံအနီးမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေနဲ့ နစကတပ်တို့ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့ကစပြီး တိုက်ပွဲတွေပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ငါးရက်လောက် ရှိနေပြီ။ ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်နေလို့ ဘယ်သူမှ မနေရဲကြဘူး။ အကုန် ထွက်ပြေးနေရတယ်” လို့ မတ္တရာမြို့နယ်၊ အောင်သပြေရွာမှ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။

မနေ့ ဇွန် ၃၀ ရက်ကလည်း အောင်သပြေကျေးရွာအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ပြည်သူတွေ ထိခိုက်မှု ရှိခဲ့သလို နေအိမ်တချို့လည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အဲဒီ စစ်ဘေးရှောင်က ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာအနီးရှိ မတ္တရာရှိ ကျောက်တံတား၊ ထုံးဘို၊ အောင်သပြေနဲ့ အောင်ချမ်းသာ အစရှိတဲ့ ကျေးရွာတွေကပြည်သူတွေ ဘေးလွတ်ရာကို ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြရပြီး ဒေသခံတွေဟာ အဝတ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးလာကြရလို့ အခက်အခဲတွေရှိနေတယ်လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိမှာ TNLA နဲ့ PDF ပူးပေါင်းတပ်တွေက မတ္တရာမြို့နယ်ရှိ နစကရဲ့ ပန်းသလဲတောင်စခန်း၊ ကျောက်ကြမ်းတောင်စခန်းနဲ့ ရေစိုတောင်စခန်းတွေကို သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ကြေညာထားပါတယ်။

နစကဘက်ကတော့ လက်ရှိ မတ္တရာမြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ အသိပေး ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေ ၂ ရက်ကလည်း Alpha ဘိလပ်မြေစက်ရုံ အဝင်လမ်းက နစကတပ်ရဲ့ စစ်ဆေးရေးဂိတ်ကို မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ အဲဒီ ကာကွယ်ရေးတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #မန္တလေးတိုင်း #မတ္တရာ #တိုက်ပွဲပြင်းထန် #ပြည်သူ #ရွာလုံးကျွတ် #တိမ်းရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW