ကင်ညာအစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲ လူ ၄၀ နီးပါး သေဆုံးပြီး ၃၆၀ ကျော်ဒဏ်ရာရ

 

နိုင်ရိုဘီ၊ ဇူလိုင်-၄-၂-၂၀၂၄
မျိုးဆက်(VOM)

ကင်ညာနိုင်ငံမှာ အခွန်တိုးမြှင့်ကောက်ခံမယ့် ဥပဒေနဲ့ပတ်သက်ပြီး ဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသေဆုံးသူ ၃၉ ယောက်ထိရှိလာပြီး ၃၆၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကင်ညာလူ့အခွင့်အရေးအဖွဲ့တဖွဲ့က ပြောပါတယ်။

အခွန်တိုးမြှင့်မယ့် ကိစ္စအပေါ် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေဟာ ဇွန်လလယ်ကတည်းက ကင်ညာနိုင်ငံတဝန်းမှာ ဖြစ်ပွားနေခဲ့ပြီး ဇွန် ၂၅ ရက်တွင် ပါလီမန်ကို ဝင်ရောက်စီးနှင်းခဲ့တဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။

အဲဒီနောက်မှာ ကင်ညာသမ္မတ ဝီလျံရူတိုက အခွန်တိုးမြှင့်ကောက်ခံမယ့် ဥပဒေကို ရုပ်သိမ်းကြောင်း ကြေညာခဲ့ပေမယ့် သူရာထူးကနေနှုတ်ထွက်ရေးအတွက် တောင်းဆိုဆန္ဒပြမှုတွေဟာ နိုင်ငံတဝန်း ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။

ကင်ညာနိုင်ငံဟာ အရှေ့အာဖရိကရှိ အဓိကစီးပွားရေးနိုင်ငံတခုဖြစ်ပြီး ကိုဗစ်ကပ်ရောဂါနဲ့ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုတို့ကြောင့် နိုင်ငံ့စီးပွားရေး ပြင်းထန်စွာ ထိခိုက်နေပြီး အခွန်တိုးမြှင့်ကောက်ခံပြီး စီးပွားရေး နာလန်ထူဖို့ အစိုးရက ကြိုးပမ်းနေပါတယ်။

ဒါပေမယ့်လည်း အထူးသဖြင့် စားနပ်ရိက္ခာ၊ လောစာဆီနဲ့ အခြားလူနေမှုစာရိတ်တွေ တိုးမြှင့်လာတာကို ရုန်းကန်နေရတဲ့ လူငယ်တွေအကြားမှာ အစိုးရရဲ့ စီးပွားရေးမူဝါဒတွေအပေါ် မကျေနပ်မှုတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

Ref:AP
Photo:Getty Images
#Voiceofmyanmar #VOM #ကင်ညာ #အစိုးရဆန့်ကျင်ရေး #ဆန္ဒပြပွဲ #၄၀နီးပါး #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW