မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ မိုးများလာနိုင်ပြီး မြစ်ကြီးတွေအားလုံး မြစ်ရေတွေ မြင့်တက်လာနိုင်

 

ဇူလိုင် ၄ – ၂၀၂၄
SN (VOM)

လာမယ့် ဇူလိုင် ၆ ရက်၊ ၇ ရက်နဲ့ ၈ ရက်တို့မှာ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ မိုးများလာနိုင်ပြီး မြန်မာနိုင်ငံရှိ မြစ်ကြီးတွေ အားလုံး မြစ်ရေတွေ မြင့်တက်လာနိုင်မယ့် အခြေအနေတွေ ရှိနေတယ်လို့ မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့ ဦးဝင်းနိုင်က ပြောပါတယ်။

အဲဒီရက်တွေမှာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အနောက်မြောက်ပိုင်း ပင်လယ်ပြင်မှာ လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်း တခုဖြစ်ပေါ်နိုင်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

“မုန်တိုင်းအဆင့်အထိတော့ ရောက်မှာမဟုတ်ပေမယ့် မြန်မာနိုင်ငံဘက်မှာတော့ ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ မိုးများလာနိုင်တာကို တွေ့ရပါတယ်။ ဇူလိုင် ၅ ရက်နောက်ပိုင်းမှာလည်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်တဲ့ အခြေအနေပေါ်မူတည်ပြီး မိုးများနိုင်ပါဦးမယ်” လို့ သူက အသိပေးထားပါတယ်။

လက်ရှိအချိန်မှာ ဧရာဝတီမြစ်နဲ့ချင်းတွင်းမြစ်ဖျား ဒေသတွေမှာ ရေကြီးနေပြီး မြစ်ရေအောက်ဘက်ဆင်းလာချိန်နဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံအားပိုကောင်းလာပြီး မိုးပိုလာချိန်တိုက်ဆိုင်နေတာကြောင့် မြန်မာနိုင်ငံ မြစ်ကြီးတွေအားလုံးမှာ မြစ်ရေတွေ မြင့်တက်လာနိုင်မယ့် အခြေအနေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။

ဒါကြောင့် မြစ်ကမ်း/ချောင်းကမ်းအနီးအနား နေထိုင်ကြသူတွေအနေနဲ့ ဖြစ်လာနိုင်မယ့် ရေနဲ့ပတ်သက်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားသင့်ပြီ ဖြစ်တယ်လို့ ဦးဝင်းနိုင်က အသိပေးထားပါတယ်။

မိုး/ဇလရဲ့ ဒီကနေ့ ဇူလိုင် ၄ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန် ထုတ်ပြန်ချက်မှာတော့ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၆ ပေခန့် (၁၈၆ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက်တရက်အတွင်း ၁ ပေခန့် ကျဆင်းလာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါအပြင် ဟုမ္မလင်းမြို့မှာလည်း ချင်းတွင်းမြစ်ရေဟာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၄ ပေခန့် (၁၃၂ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက်တရက်အတွင်း ၁ ပေခန့် မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီလိုပဲ ဖောင်းပြင်မြို့မှာလည်း ချင်းတွင်းမြစ်ရေဟာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၃ ပေခွဲခန့် (၁၀၄ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက်တရက်အတွင်း ၃ ပေခန့် မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လက်ရှိ ခန္တီးမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် အဲဒီမြို့ရှိ အောင်သာရွာရဲ့ အနိမ့်ပိုင်းတွေနေရာတွေကို ချင်းတွင်းမြစ်ရေ ဝင်ရောက်နေပြီဖြစ်သလို ရေတံခါး နှစ်ခုလုံးလည်း ရေဝင်နေပြီဖြစ်ကာ စိုးရိမ်ရေမှတ်လည်းကျော်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် ဖောင်းပြင်မြို့ အနိမ့်ပိုင်းရပ်ကွက်တချို့လည်း ရေစဝင်နေပြီဖြစ်သလို အဲဒီဒေသတွေကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း အောက်ဘက်ကို ဆင်းလာပါက မော်လိုက်၊ ကလေးဝ၊ မင်းကင်း စတဲ့ မြို့နယ်တွေကို ရောက်ရှိမှာဖြစ်ပြီး အဲဒီဒေသတွေမှာလည်း ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ရောက်ရှိဖို့ နီးကပ်လာနေတယ်လို့ မိုး/လဇဌာနက ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #ချင်းတွင်းမြစ်ရေ #ခန္တီး #ဟုမ္မလင်း #ဖောင်းပြင် #စိုးရိမ်ရေမှတ်အထက် #ရောက်ရှိ

Related posts

Leave a Comment

VOM News

FREE
VIEW