သံတွဲမြို့နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်ဦးရေ ပိုမိုမြင့်တက်လာ

 

ဇူလိုင် ၄ – ၂၀၂၄
GG (VOM)

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် နဲ့ ငပလီကမ်းခြေတလျှောက်ကရွာတွေဘက်မှာတိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တာကြောင့် အရပ်သားသေဆုံးမှုမြင့်လာသလို နေရပ်စွန့်ခွာ စစ်ဘေးရှောင်သူအရေအတွက်လည်း သောင်းနဲ့ချီပြီးရှိလာနေတယ်လို့သိရပါတယ်။

ဇူလိုင်လပထမရက်အတွင်းမှာ သံတွဲမြို့နယ် ၊မြုံပြင်ရွာထဲကို လက်နက်ကြီးကျလို့ ဒေသခံအမျိုးသမီး ငါးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ငပလီကမ်းခြေ၊ငပလီရပ်ကွက်ထဲမှာ လက်နက်ကြီးကျလို့ ဖခင်ဖြစ်သူနဲ့သားသမီးနှစ်ယောက် သေဆုံးမှုရှိခဲ့ပြီး အရပ်သားသေဆုံးမှု ၂၅ ယောက်ထက်မနည်းရှိလာနေပြီဖြစ်တယ်လို့သိရပါတယ်။

” သံတွဲ ၊ငပလီကမ်းခြေတလျှောက်မှာ တိုက်ပွဲကနေ့တိုင်းဖြစ်နေတာ။ အားလုံးနီးပါးစစ်ရှောင်ကြပြီ။ စစ်ရှောင်ဖို့မဖြစ်နိုင်သူတွေနဲ့ အခြေအနေငြိမ်မယ်ထင်ပြီးနေသူတွေလောက်ပဲရှိတယ်။သံတွဲဆို မြို့ပေါ်အထိမဖြစ်သေးပေမယ့် မြို့ လုံးကျွတ်လောက်ရှောင်ကြပြီ ” လို့ သံတွဲစစ်ရှောင်တွေ ကိုကူညီပေးနေတဲ့ ဒေသခံတယောက်ကပြောပါတယ်။

လက်ရှိအထိသံတွဲ နဲ့ ငပလီက ဒေသခံတွေအနေနဲ့ ခြေကျင်တမျိုး ၊ကားနဲ့တဖုံ ဂွမြို့ကို စစ်ဘေးရှောင်လာသူအများအပြားရှိနေကြောင်း ၊ စစ်ရှောင်စခန်းဖွင့်လှစ်ထားတာမရှိတဲ့အတွက် အရေအတွက်အတိအကျကိုမပြောနိုင်ပေမယ့် ခန့်မှန်းစစ်ရှောင်နူန်းက သောင်းချီရှိနေတယ်လို့ဆိုပါတယ်။

စစ်ရှောင်သူတွေကို ဂွမြို့ တာဝန်ရှိသူတွေက ဘုန်းကြီးကျောင်းတွေမှာ တည်းခိုခွင့်မပြုတာကြောင့် တည်းခိုခန်းငှားနေကြရသလို အချို့ကလည်း နေအိမ်ငှားရမ်းနေထိုင်ရပြီး မိတ်ဆွေသူငယ်ချင်းတွေဆီမှာ တည်းခိုနေကြရကြောင်း ၊ စစ်ရှောင်တွေထဲမှာ ဧရာဝတီတိုင်းနဲ့ရန်ကုန်ကို သွားရောက်သူလည်းအများအပြားရှိတယ်လို့သိရပါတယ်။

” တချို့ဆိုငွေကြေးမပြည့်စုံလို့ သံတွဲကနေ ဂွအထိခြေကျင်လာကြတယ်။ပြီးရင်ဧရာဝတီတိုင်းအထိဆက်သွားမယ့်သူတွေဆို အဆင်ပြေအောင်ကားငှားချိတ်ပေးရတာရှိတယ်။ရွာဘက်တွေမှာတော့ ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်တွေရှိကြတယ်။ “လို့ သံတွဲသေခံနောက်တယောက်ကပြောပါတယ်။

ဂွမြို့နဲ့ ဧရာဝတီတိုင်း၊ရန်ကုန်ကို သွားဖို့ငွေကြေးမတတ်နိုင်သူတွေနဲ့ မြို့တည်ငြိမ်ပါက ပြန်ဝင်ဖို့စောင့်နေသူတွေကတော့ သံတွဲနဲ့ ဂွအကြား ရွာဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေကြတာလည်းရှိကြောင်း၊ ရွာကစစ်ရှောင်တွေအတွက်တော့ အမျိုးသမီးလစဥ်သုံးပစ္စည်းအပါအဝင်အသုံးအဆောင်တွေလိုအပ်နေတယ်လို့သိရပါတယ်။

သံတွဲမြို့နယ်မှာတော့ ဧပြီလ ၂၂ ရက်ကစပြီး သူဌေးရေအားလျှပ်စစ်စီမံကိန်းရှိရာ ဒေါ်မြနဲ့ပုရစ်ကောက်ရွာနားမှာ နစကတပ်နဲ့ အေအေတို့ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ ဆက်တိုက်ဆိုသလို တိုက်ပွဲတွေ ပြင်းထန်လာပြီး အရပ်သားသေဆုံးမှုနဲ့နေအိမ်တွေမီးလောင်ပျက်စီးမှုအထိရှိလာခဲ့တာဖြစ်ပါတယ်။

#Voiceofmyanmar #vom #သံတွဲ #တိုက်ပွဲပြင်းထန် #အရပ်သားသေဆုံးမှုမြင့်တက် #စစ်ရှောင်တိုးလာ

Related posts

Leave a Comment

VOM News

FREE
VIEW