ငွေလဲနှုန်း မတည်ငြိမ်အောင်လုပ်သူတွေကို ဖမ်းဆီးခဲ့ပေမယ့် နိုင်ငံခြားငွေလဲနှုန်း ဆက်လက်မြင့်တက်နေ

 

ဇူလိူင် ၆-၂၀၂၄
GG (VOM)

နိုင်ငံခြားငွေစျေးကွက် မတည်ငြိမ်အောင်လုပ်တယ်ဆိုပြီး ဖမ်းဆီးမှုတွေ လုပ်ခဲ့ပေမယ့်လည်း အခုဇူလိုင်လထဲ မှာ အမေရိကန်ဒေါ်လာ ၊ စင်ကာပူဒေါ်လာ ၊ထိုင်းဘတ်၊ မလေးရှားရင်းဂစ် အပါအဝင် ငွေလဲလှယ်နူန်း အားလုံး ပြန်လည်မြင့်တက်လာတယ်လို့ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ စျေးကွက်အခြေအနေအရ သိရပါတယ်။

နိုင်ငံခြားငွေကြေးစျေးကွက် မြင့်တက်မှုက လက်ရှိပြည်တွင်းမှာဖြစ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှု ၊ ဒေါ်လာလိုအပ်ချက်မြင့်မားခြင်း တွေကြောင့် အဓိကဖြစ်ပေါ်နေရတာဖြစ်လို့ အဲဒီ အချက်တွေဖြေရှင်းနိုင်ဖို့လိုအပ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

” နိုင်ငံရေး အခြေအနေမတည်ငြိမ်တော့ ဒီငွေကြေးစျေးကွက်ကလည်းသူတို့ဘယ်လိုမှထိန်းချုပ်လို့မရဘဲ ပိုဆိုးသွားတာပေါ့။အဓိက နိုင်ငံရေးကောင်းဖို့လိုတယ်၊နောက်တခုက ပြည်တွင်းကဒေါ်လာလိုအပ်ချက်အရမ်းမြင့်နေတယ်။နိုင်ငံရေးကလက်ရှိအခြေအနေရတော့ ပြန်ကောင်းဖို့က အချိန်ယူရအုံးမယ်ဆိုတော့ ဒေါ်လာလိုအပ်ချက်မြင့်တာ ကိုဖြေရှင်းနိုင်မလားပေါ့။ဒေါ်လာလိုအပ်ချက်ကိုသူတို့ဖြည့်ပေးနိုင်မယ်ဆိုရင် စျေးကွက်ကိုငြိမ်အောင်လုပ်နိုင်မယ့်အခြေအနေတော့ရှိမယ်။ ခက်တာက ဒေါ်လာကဗဟိုဘဏ်မှာလိုအပ်ချက်ပြည့်အောင်ရောင်းပေးနိုင်တဲ့အခြေအနေမတွေ့ရဘူး။ကုန်သွယ်ရေးကလည်းရေကြောင်းတခုပဲရတော့ ပို့ကုန်ကလည်းအလုပ်မဖြစ်ဘူး၊အပေါ်မှကျွန်တော်ပြောသလိုပဲ နိုင်ငံရေးတည်ငြိမ်အောင်လုပ်မှာလား၊ဒေါ်လာလိုအပ်ချက်ပြည့်မီအောင်လုပ်ပေးမလား ဒီနှစ်ချက်ထဲကတချက်လုပ်နိုင်မှာ စျေးကွက်ကတည်ငြိမ်မှုရှိနိုင်မယ် ၊ဖမ်းဆီးတာကတော့ ယာယီဖြေရှင်းနည်းသက်သက်ပဲ ” လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်က သုံးသပ်ပြောပါတယ်။

ပြည်တွင်းမှာ ဒေါ်လာလိုအပ်ချက် ပြည့်မီအောင် ဆောင်ရွက်ဖို့ဆိုရင် လူတိုင်းလိုအပ်တဲ့ နိုင်ငံခြား ပမာဏကို အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်အပါအဝင် လိုင်စင်ရ ငွေလဲကောင်တာအားလုံးမှာ ရောင်းဝယ်နိုင်တဲ့အခြေအနေရှိမှသာ တရားမဝင်ကြိုက်ရောင်းကြိုက်ဝယ်စျေးကွက်ပျောက်ကာ တည်ငြိမ်တဲ့စျေးတန်းကိုရရှိနိုင်မှာဖြစ်တယ်လို့ လုပ်ငန်းရှင်ကသုံးသပ်ပါတယ်။

ဒါအပြင် နိုင်ငံခြားငွေရှာဖွေပေးနေတဲ့ ပို့ကုန်ရငွေ အပေါ်ထိန်းချုပ်မှုတွေကို ဖြေလျှော့ပေးဖို့လိုအပ်တဲ့အပြင် ပို့ကုန်ပိုင်းကို ပြည်ပ ပိုပြီးတင်ပို့နိုင်အောင် မြှင့်တင်ပေးဖို့လိုအပ်သလို မူဝါဒတွေ မကြာခဏပြောင်းလဲသတ်မှတ်တာမျိုးလည်း လျှော့ချဖို့လိုအပ်တယ်လို့ဆိုပါတယ်။

“ဒေါ်လာကိုလိုသလောက်လွတ်လွတ်လပ်လပ်နဲ့ဝယ်ရောင်းလုပ်မရသရွေ့စျေးကမငြိမ်ဘူး။သူတို့ရောင်းပေးမယ်ဆိုလည်း ဟိုအရင်ကလို လိုသလောက်ပေးမှာလား။ငွေလဲကောင်တာတွေမှာ အချိန်မရွေး ရောင်းဝယ်ရမှာလား။ဘဏ်တွေမှာရောရမှာလား အဲဒီလိုရမယ်ဆိုရင် ဘယ်သူမှပါးစပ်ထဲရှိရာစျေးနဲ့လည်းဖွင့်မရဘူး၊စျေးကစားလို့လည်းမရဘူး ။အခုက ဒေါ်လာလိုအပ်ချက်မြင့်တော့သွင်း ကုန်လိုင်စင် တွေ ကန့်သတ်လိုက် ပို့ကုန်ရငွေကို ထိန်းချုပ်နဲ့ မူဝါဒပေါ်လစီတွေ မကြာခဏပြောင်းပြီးသာလုပ်နေတာ စျေးကွက်မကျတဲ့အပြင်ပိုပြီးကိုတက်တက်လာတာ မြင်တဲ့အတိုင်းပဲ။ သူတို့ထိန်းမရဘူး၊ မူဝါဒတွေ ခဏခဏပြောင်းလေ ကျွန်တော်တို့ လုပ်ရကိုင်ရပိုကျပ်တည်းလေပဲ ။ လုပ်လို့အဆင်မပြေလေ ပို့ကုန်ကလျော့ကျပြီးနိုင်ငံခြားဝင်ငွေလည်းလျော့မှာပဲ။အခုဆို်စပ်လမ်းကြောင်းကနေတင်ပို့နိုင်မှုက မရှိသလောက်ကိုနည်းတယ်။ရေကြောင်းတခုပဲ အားကိုးရတာ ” လို့ ပို့ကုန် လုပ်ငန်းရှင်တယောက်ကမှတ်ချက်ပြုပါတယ်။

ဒေါ်လာစျေး နဲ့ထိုင်းဘတ်စျေး မြင့်တက်လာပြီး ကျပ်ငွေတန်ဖိုးကျဆင်းလာ တဲ့ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ပြည်ပကနေတင်သွင်းရတဲ့ဆေးဝါးတွေ၊အိမ်ဆောက်ပစ္စည်း၊လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စိုက်ပျိုးရေးသွင်းအားစုတွေအပါအဝင် စားသောက်ကုန်ပစ္စည်း၊ ကျန်းမာရေးဓာတ်စာအာဟာရပစ္စည်းတွေ စျေးနူန်းပိုပြီးမြင့်တက်လာနိုင်တယ်လို့သိရပါတယ်။

ဒီနေ့ဇူလိုင်လ ၅ ရက်နေ့ နိုင်ငံခြားငွေစျေးကွက်မှာ အမေရိကန်တဒေါ်လာကို ၄၆၁၀ ကျပ်၊စင်ကာပူတဒေါ်လာကို ၃၄၃၀ ကျပ်၊ မလေးရှားရင်းဂစ်က ၉၇၀ ကျပ်၊ထိုင်းဘတ်တဘတ်ကို ၁၂၉ ဘတ်အထိရှိလာပြီး ကျပ်ငွေတန်ဖိုးကျဆင်းလာနေတာဖြစ်ပါတယ်။

အရင်ဇွန်လလယ်လောက်တုန်းက ပြင်ပစျေးကွက်မှာ အမေရိကန် တဒေါ်လာကို ၄၃၀၀ကျပ်၊ စင်ကာပူဒေါ်လာက ၃၂၇၀ ၊ မလေးရှားက ၉၃၈ ကျပ်၊ ထိုင်းဘတ်က ၁၁၈ ဘတ်ဝန်းကျင်သာရှိခဲ့တာကြောင့် ၁၅ ရက်ကျော်လောက်အတွင်းမှာ အမေရိကန်တဒေါ်လာကို ၃၁၀ ကျပ် ၊ စင်ကာပူဒေါ်လာက ၁၆၀ ကျပ်၊မလေးရှားရင်းဂစ်က ၃၂ ကျပ်၊ထိုင်းဘတ်တဘတ်ကို ၁၀ ကျပ်လောက် ကျပ်ငွေတန်ဖိုးထပ်မံကျဆင်းလာတာဖြစ်ပါတယ်။

#Voiceofmyanmar #vom #နိုင်ငံခြားငွေစျေးမြင့်တက် #နိုင်ငံရေးတည်ငြိမ် #ေဒါ်လာလိုအပ်ချက်#

Related posts

Leave a Comment

VOM News

FREE
VIEW