ဘန်ကောက်၊ ဇန်နဝါရီ-၂၃-၂၀၂၅
ရတီ(VOM)
ထိုင်းနိုင်ငံမှာ လိင်တူချစ်သူတွေ တရားဝင်လက်ထပ်ခွင့်ဥပဒေ စတင်သက်ဝင်လာပြီဖြစ်တဲ့အတွက် နိုင်ငံတဝန်းက ထောင်ပေါင်းများစွာသော လိင်တူချစ်သူတွေဟာ တရားဝင်လက်မှတ်ထိုး လက်ထပ်မှုတွေ ဆင်နွှဲနေကြပါတယ်။
ဒီကနေ့ နေ့လယ်မှာတော့ ဘန်ကောက်မြို့လယ်ရှိ ကုန်တိုက်ကြီးတခုမှာ လိင်တူချစ်သူ စုံတွဲ ၁၀၀ ကျော် လက်မှတ်ထိုး လက်ထပ်ခဲ့ကြပါတယ်။ ဥပဒေအရ လိင်တူချစ်သူစုံတွဲတွေဟာ ပိုင်ဆိုင်မှုတွေ စီမံခန့်ခွဲခွင့်၊ အမွေဆက်ခံပိုင်ခွင့်၊ ပါတနာရဲ့ ဆေးကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အခြားစုံတွဲများနည်းတူ အခွင့်အရေးတွေ ရှိလာပြီဖြစ်ပါတယ်။
ဥပေဒေနဲ့ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူတွေက ကြိုဆိုကြပေမယ့် ပြုပြင်ပြောင်းလဲဖို့တွေ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံကတော့ ဒေသတွင်းမှာ လိင်တူချစ်သူ လက်ထပ်ခွင့်ကို ပထမဆုံး ခွင့်ပြုလိုက်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာတော့ လိင်တူချစ်သူတွေ အတူနေထိုင်ကြတာကို လက်ခံနိုင်မှု တိုးပွားလာတယ်ဆိုပေမယ့် ရိုမန်ကက်သလစ်ဘုရားကျောင်းကတော့ လိင်တူလက်ထပ်တာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေပါတယ်။
ထိုင်းလို ဘာသာရေးနဲ့ အတွေးအခေါ်ဆိုင်ရာ အတားအဆီးတွေမရှိပေမယ့် ဖိနှိပ်ချုပ်ချယ်တဲ့ ဗီယက်နမ်အစိုးရအောက်မှာ ဒီဥပဒေကို ပြောင်းလဲဖို့က ခက်ခဲနေပါတယ်။ အစ္စလာမ်ဘာသာလွှမ်းမိုးမှုရှိတဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘရူနိုင်းတို့မှာတော့ လိင်တူချစ်သူအသိုင်းအဝိုင်းတွေ ခွဲခြားဆက်ဆံခံရတာနဲ့ တရားစွဲဆိုခံရမှုတွေ ရှိနေပါတယ်။
ဘရူနိုင်းမှာတော့ အမျိုးသားချင်း လိင်တူဆက်ဆံရင် သေဒဏ်ပေးတဲ့ထိ ပြစ်ဒဏ်ချမှတ်မှုတွေရှိနေတာကြောင့် ထိုင်းနိုင်ငံဟာ ဒေသတွင်း လိင်တူချစ်သူအသိုင်းအဝိုင်းအတွက် ရှေ့ဆောင်ဥပဒေတရပ်ကို ချမှတ်နိုင်ခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
Ref:BBC
Photo:Getty Images/Reuters