အောက်တိုဘာ ၁၄ – ၂၀၂၆
SN (VOM)
အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ဟာ အခုလို အပူချိန် မြင့်တက်နေတဲ့ကာလနဲ့ နွေရာသီ ကာလတွေမှာ အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေအတွက် အသက်အန္တရာယ်ရှိနိုင်တဲ့ အရေးပေါ် အခြေအနေတခု ဖြစ်တယ်လို့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။
လူ့ခန္ဓာကိုယ်မှာ သတ်မှတ်ထားတဲ့ အပူချိန်တခုရှိပြီး ၉၈ ဒီဂရီဖာရင်ဟိုက်ထက် ကျော်လွန်ကာ ၉၉ ဒီဂရီဖာရင်ဟိုက် ဖြစ်လာပါက ပုံမှန်ဆိုရင်တောင် ဖျားတယ်လို့ ပြောလို့ရတဲ့ အခြေအနေမျိုးလို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။
“အဲဒီအချိန်မှာ ရုတ်တရက်ကြီး အပူချိန်မြင့်တက်သွားတယ်။ ၁၀၄ ၊ ၁၀၅ လောက် ဖြစ်သွားတဲ့အချိန်မှာ ခန္ဓာကိုယ်က အပူချိန်ကို မထိန်းညှိနိုင်တော့ဘူး။ အဲဒီအချိန်မှာ Heat Stroke ရဲ့ အာရုံကြောပိုင်းဆိုင်ရာ လက္ခဏာတွေ ပြလာတာပါ” လို့ သူက ပြောပါတယ်။
အပူပြဿနာဆိုပါက အဆင့် သုံးဆင့်ရှိပြီး အပူကြောင့် ကြွက်တက်ခြင်း၊ အပူကြောင့် အားအင်ကုန်ခမ်းခြင်း၊ အပူလျှပ်ခြင်းတို့ဖြစ်ကာ ဒီသုံးခုလုံးက အရေးပေါ် အခြေအနေဖြစ်တယ်လို့ သူက ပြောပါတယ်။
Heat Stroke နဲ့ ပတ်သက်ပြီး စောစီးစွာ သိနိုင်မယ့် ရောဂါလက္ခဏာတွေကတော့ ကြွက်သားတွေနာကျင်ပြီး ကြွက်တက်ခြင်း၊ အပူကြောင့် မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ရေဓာတ် ဆုံးရှုံးတဲ့အတွက် ချွေးထွက် အရမ်းများလာခြင်း၊ အပူချိန်တွေ အရမ်းတက်ကာ ခန္ဓာကိုယ်က အသားအရေတွေပူပြီး ခြောက်ကပ်လာခြင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
Heat Stroke ဟာ ပြင်းထန်တဲ့ အပူချိန်ကြောင့် ခန္ဓာကိုယ်က ရေဓာတ်နဲ့ ဆားဓာတ်တွေ ဆုံးရှုံးပြီး သတိလစ်တာမျိုးဖြစ်ပြီး အများစုက အပူလျှပ်တယ်ဆိုပါက သာမန်လို့ပဲ တွေးထင်တတ်ကြတယ်လို့ သူက ပြောပါတယ်။
“တကယ့်တကယ်တမ်းတော့ Heat Stroke ဖြစ်ပြီဆိုရင် မူးလဲတာ၊ သတိလစ်တာကနေ စလို့ အကြောသေ၊ အကြောဆိုင်းတာကနေ ဦးနှောက်သွေးကြောပြတ်တဲ့အထိကို ဖြစ်တတ်တယ်” လို့ သူက ပြောပါတယ်။
ရာသီဥတု ပြောင်းလဲမှုနဲ့ အယ်လ်နီညိုဖြစ်စဉ်ရဲ့ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံအတွင်း ဒေသတချို့မှာ နေ့အပူချိန်တွေ မြင့်တက်နေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း (အောက်ပိုင်း) တို့မှာ အခု အောက်တိုဘာလ ၁၁ ရက်ကနေ ၂၀ ရက်နေ့အထိ ပျမ်းမျှအပူချိန် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နဲ့ အထက် ပိုလာနိုင်တယ်လို့ သိရပါတယ်။
“အခု နေ့အပူချိန်တွေ မြင့်တက်တယ် ဆိုတာက အယ်လ်နီညိုရဲ့ သက်ရောက်မှု အနည်းငယ် ပါနေတယ်လို့လည်း ပြောလို့ရတယ်။ ဒါပေမယ့် အယ်လ်နီညို၊ လာနီညာ ဖြစ်စဉ်တွေထက်စာရင် အဓိက က ရာသီဥတု ပြောင်းလဲမှုကြောင့်ပေါ့။ ကမ္ဘာကြီး ပူနွေးလာတဲ့ အတွက်ကြောင့် ရာသီဥတု ပြောင်းလဲမှုတွေ တနှစ်ထက်တနှစ် ပိုပြီး ဆိုးရွားလာတဲ့ အနေအထားမျိုးပါ။ ကမ္ဘာ့အပူချိန်ကလည်း တနှစ်ထက်တနှစ် ပိုပြီးတော့ ပူလာတယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
လက်ရှိမှာလည်း အယ်လ်နီညိုရဲ့ သက်ရောက်မှုကို အာဆီယံဒေသတွေမှာ စတင် ခံစားနေရပြီဖြစ်ကာ နေ့ဘက်တွေမှာ အပူချိန်တွေ မြင့်မားနိုင်သလို တခါတရံမှာတော့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ရှိနိုင်ပြီး ပုံမှန်မဟုတ်တဲ့ မိုးလေဝသဖြစ်စဉ်တွေကို စတင် ကြုံတွေ့နေရပြီလို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေ မျက်နှာပြင် အပူချိန်ဟာ ၂ ဒသမ ၂ နဲ့ ၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ကြားမှာ ရောက်ရှိနေတယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မိုး/ဇလဌာနက ဒီကနေ့ အောက်တိုဘာ ၁၃ ရက်နေ့ ထုတ်ပြန်တဲ့ အမြင့်ဆုံးအပူချိန် စံချိန်သစ်စာရင်းအရ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ မနေ့ အောက်တိုဘာ ၁၂ ရက်က အပူချိန် ၃၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိကာ စံချိန်သစ်တင်ခဲ့ပြီး နှစ်ပေါင်း ၇၉ အတွင်း အမြင့်ဆုံးစံချိန်လို့ သိရပါတယ်။
လတ်တလောမှာ အပူချိန်မြင့်တာတွေကြောင့် အပူရှပ် သေဆုံးသူ ၊ မူးလဲပြီး လေဖြတ်သွားသူတွေရှိလာနေတာကြောင့် အထူးသတိထားဖို့လိုကြောင်း ပညာရှင်တွေက သတိပေးနေပါတယ်။
Photo – CJ
