လားရှိုးနဲ့ သီပေါမှာ KIA၊ TNLA၊ PDF အဖွဲ့ကဆိုပြီး လုပ်ငန်းရှင်တွေကို ဖုန်းဆက်ငွေတောင်းနေ

အောက်တိုဘာ ၁၃ ၊ ၂၀၂၆
NN(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နဲ့ သီပေါမြို့တွေမှာ KIA၊ TNLA နဲ့ PDF အဖွဲ့ကဆိုပြီး လုပ်ငန်းရှင်တွေကို ဖုန်းဆက်ပြီး ငွေလိုက်တောင်းနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေဆီကနေ သိရပါတယ်။
လားရှိုးမြို့ပေါ်က စားသောက်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေရဲ့ ဖုန်းကို ဆက်ပြီး အခုလို ငွေတောင်းနေတာလို့လည်း သိရပါတယ်။
“ငါတို့က KIA က၊ ပိုက်ဆံကို သုံးအိတ်လုပ်ထားပါ။ ပြီးရင် ဘယ်နေရာကို လာပို့” ဆိုပြီး ဖုန်းဆက်တောင်းတာလို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေနဲ့ နီးစပ်သူ ဆိုင်ရှင်တစ်ယောက်က ပြောပါတယ်။ ငွေမပေးရင် ခြိမ်းခြောက်တာမျိုးလည်း ပြောဆိုတယ်လို့ သိရပါတယ်။
တချို့ကုန်စုံဆိုင်၊ ကုန်မာဆိုင်နဲ့ စားသောက်ဆိုင်တွေကိုတော့ TNLA၊ PDF အဖွဲ့ကဆိုပြီး ငွေတောင်းတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။
“KIA တို့၊ TNLA၊ SSPP အဖွဲ့တွေက အရင်စစ်မဖြစ်ခင်တုန်းကတော့ မြို့ထဲ မှာ အခွန် ကောက်တာရှိခဲ့တယ်။ အခု စစ်ဖြစ်ပြီးနောက်ပိုင်းတော့ SSPP အဖွဲ့ ပဲ သီပေါတို့၊ နမ့်လန်တို့၊ တန့်ယန်းမြို့ဘက်မှာ ငွေကောက်တာရှိတယ်။ လိုင်းပေါ်ကနေ လိုက်တောင်းနေတာတွေကလည်း ကျားဖျန့်တွေ ဖြစ်ဖို့များ တယ်” လို့ လားရှိုးမြို့ခံတယောက်က ပြောပါတယ်။
လားရှိုးအပြင် သီပေါမြို့ပေါ်မှာလည်း TNLA အမည်သုံးပြီး ဈေးဆိုင်တွေကို ဖုန်းဆက် ငွေတောင်းတာတွေ ရှိနေတယ်လို့ မြို့ခံအချို့ဆီကနေ သိရပါတယ်။
“TNLA ပါ၊ အခွန်ငွေကောက်တာပါ။ ဘယ်ကိုလာပို့ပါဆိုပြီး လာပို့ရမယ့် ရွာနာမည်ပြောပြီး တောင်းနေတာ” လို့ သီပေါမြို့ခံတယောက်က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မြို့တွေဟာ KIA၊ SSPP၊ TNLA၊ UWSA၊ MNDAA စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံ လှုပ်ရှားတဲ့ မြို့တွေဖြစ်ပါ တယ်။ ၁၀၂၇ တိုက်ပွဲတွေ မဖြစ်ခင်ကလည်း လားရှိုးမြို့ပေါ်မှာ လက်နက်ကိုင် အဖွဲ့ကဆိုပြီး အခုလို ငွေကောက်ခံတာတွေ ဖြစ်ခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အခုလို အဖွဲ့အစည်း အမည် ခံပြီး ငွေတောင်းနေတဲ့ ဒီအခြေအနေတွေကို စုံစမ်းစစ်ဆေးပေးဖို့ လားရှိုးနဲ့သီပေါ မြို့ခံတွေက လိုလားနေကြပါတယ်။

Related posts

✕
VOM News

FREE
VIEW