အောက်တိုဘာ ၁၃၊ ၂၀၂၆
Shy V (VOM)
မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ လူသတ်မှုတွေအပါအဝင် ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဝေမိသားစု ရာဇဝတ်ဂိုဏ်းအမှုကို တရုတ်တရားရုံးက ဒီကနေ့ အောက်တိုဘာ ၁၃ ရက်မှာ ပထမအကြိမ် စီရင်ချက်ချမှတ်လိုက်ကြောင်း CCTV သတင်း အပါအဝင် တရုတ် သတင်းတွေမှာ ဖော်ပြထားပါတယ်။
အဲဒီအမှုမှာ ဝေဟွိုင်ရန်၊ ချန်တာဝေနဲ့ လျောင်ကျင့်ဖန်တို့ ၃ ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး ဝေချင်းထောင်၊ ခန်မင်နဲ့ ရှုံဟင်ရှင်းတို့ ၃ ဦးကိုတော့ တသက်တကျွန်း ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
“သူ့သား က သေဒဏ် မဟုတ်ဘူး။ သူ့အဖေပဲ။ သူ့သားရယ်၊ သူ့သမီးရယ် ထွက်ပြေး နေတုန်းပဲ။ မမိသေးဘူး” လို့ နယ်စပ် ဒေသခံ တယောက်က ပြောပါတယ်။
တခြား နိုင်ငံခြားဘက် ထွက်ပြေးဖို့ မလွယ်တဲ့ အတွက် ကမ္ဘောဒီးယား နိုင်ငံ မဟုတ်ရင် မြန်မာနိုင်ငံတွင်းထဲမှာပဲ လှုပ်ရှားနေဖို့ များတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် စုဟုန်ရှန်း၊ တိန့်ကျိတာနဲ့ ချန်လုံကျန်းတို့အပါအဝင် တရားခံ ၅၅ ယောက်ကို ထောင်ဒဏ် ၂၄ နှစ်ကနေ သုံးနှစ်နဲ့ သုံးလအထိ အသီးသီး ချမှတ်ခဲ့ပြီး ဒဏ်ငွေ၊ ပိုင်ဆိုင်မှုသိမ်းဆည်းတာနဲ့ နိုင်ငံကနေ နှင်ထုတ်တာတွေကိုလည်း ထပ်ဆောင်းပြစ်ဒဏ်အဖြစ် ချမှတ်ခဲ့တယ်လို့ တရုတ် သတင်းဖော်ပြချက် အရသိရပါတယ်။
တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်၊ ကွမ်ကျိုးမြို့ အလယ်အလတ်အဆင့် ပြည်သူ့တရားရုံးနဲ့ နန်အန်းမြို့ ပြည်သူ့တရားရုံးတို့က အခုလို စီရင်ချက်ချမှတ်ခဲ့တာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
တရားရုံးစစ်ဆေးချက်တွေအရ ၂၀၁၉ ခုနှစ်ကစပြီး ဝေမိသားစုဟာ ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအတွက် ခြံဝင်းနဲ့ လုပ်ငန်းစခန်းတွေ အများအပြား တည်ထောင်ခဲ့တယ်လို့လည်းဆိုပါတယ်။
အဲဒီလုပ်ငန်းစခန်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေကို ဝင်ရောက်လုပ်ကိုင်ခွင့်ပေးပြီး လက်နက်ကိုင်အကာအကွယ်တွေလည်း ပေးခဲ့သလို အွန်လိုင်းငွေလိမ်လည်မှု၊ လောင်းကစားရုံဖွင့်လှစ်မှု၊ ငွေညှစ်မှု၊ ပြည့်တန်ဆာလုပ်ငန်း၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကိုလည်း ကျူးလွန်ခဲ့တယ်လို့ တရားရုံးက ထုတ်ပြန်ထားကြောင်းလည်း ဖော်ပြထားပါတယ်။
အဲဒီရာဇဝတ်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ငွေကြေးပမာဏဟာ ယွမ် ၁၂၂ ဘီလီယံကျော်အထိ ရှိခဲ့တယ်လို့လည်း တရားရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။
ဒီအမှုမှာ အထူးခြားဆုံးကတော့ လူသတ်မှုတွေနဲ့ ပတ်သက်တဲ့ အချက်တွေ ဖြစ်ပြီး ဝေမိသားစုဝင် ချန်တာဝေဟာ သူထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အင်အားကို အသုံးပြုပြီး တရုတ်နိုင်ငံသား နှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တရားရုံးက ဖော်ထုတ်ထားပါတယ်။
သတင်းဖော်ပြချက်တွေအရ ချန်တာဝေဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ပတ်သက်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြောင်း သက်သေပြဖို့အတွက် လူ တယောက်ကို သတ်ဖြတ်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။
နောက်ထပ်ဖြစ်စဉ်တခုမှာလည်း ကိုယ်ရေးကိုယ်တာ အငြင်းပွားမှုကြောင့် ယိုယူေဘာင်ဝ်လို့ အမည်ဖော်ပြထားတဲ့ အမျိုးသားတေယာက်ကို တလခန့် ဖမ်းဆီးထိန်းသိမ်းပြီးနောက် သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က တူးဖော်ရရှိခဲ့တဲ့ ရုပ် အလောင်းမှာ လက်နှစ်ဖက်ကို နောက်ပြန်တုပ်ထားပြီး ဦးခေါင်းခွံမှာ ကျည်ဆံရာ ၇ ခု တွေ့ရှိခဲ့တယ်လို့ သတင်းတွေမှာ ပါရှိပါတယ်။
လူတယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့အပေါ် မေးမြန်းတဲ့အခါ ချန်တာဝေက “ဘာခံစားချက်ရှိဖို့ လိုလို့လဲ၊ ဘာခံစားချက်မှ မရှိဘူး” လို့ ပြောခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
ဒီရာဇဝတ်ဂိုဏ်းကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ တရုတ်ရဲတပ်ဖွဲ့က သုံးနှစ်ကြာ စုံစမ်းစစ်ဆေးခဲ့ရပြီး တရုတ်နိုင်ငံတဝန်း ပြည်နယ် ၂၈ ခုနဲ့ မြို့ပေါင်း ၂၄၀ ကျော်အထိ ခြေရာခံခဲ့ရတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ မြန်မာရဲတပ်ဖွဲ့က ဝေဟွိုင်ရန်အပါအဝင် လူ ၁၀ ဦးကို တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးခဲ့ပြီး အဲဒီနှစ် စက်တင်ဘာလမှာလည်း ချန်တာဝေအပါအဝင် လူ ၂၀ ဦးကို ထပ်မံလွှဲပြောင်းပေးခဲ့ပါတယ်။
အမှုကို ၂၀၂၆ ခုနှစ် မေလမှာ ရုံးတင်စစ်ဆေးခဲ့ပြီး အခု အောက်တိုဘာ ၁၃ ရက်မှာ ပထမအကြိမ် စီရင်ချက်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဝေမိသားစုဟာ မြန်မာနိုင်ငံမြောက်ပိုင်းက အင်အားကြီး မိသားစုလေးစုထဲက တစုဖြစ်ပြီး အခုစီရင်ချက်ဟာ အွန်လိုင်းငွေလိမ်လည်မှုနဲ့ လူသတ်မှုတွေအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို တရုတ်နိုင်ငံဘက်က အရေးယူဆောင်ရွက်နေတဲ့ နောက်ထပ်အရေးကြီးတဲ့ အမှုတခုလည်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Photo Crd# CCTV News
