အောက်တိုဘာ ၁၃ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်း ၊ ကလေးမြို့က ပုဂ္ဂလိကဆေးရုံနှစ်ရုံဖြစ်တဲ့ “ချမ်းမြေ့” ဆေးရုံ နဲ့ “Royal City” ဆေးရုံနှစ်ခုကို တာဝန်ရှိသူတွေက ယာယီပိတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါကြောင့် ချမ်းမြေ့ဆေးရုံနဲ့ Royal City ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေတဲ့ လူနာတွေအနေနဲ့ မနေ့က အောက်တိုဘာ ၁၂ ရက်နေ့မှာ ချက်ခြင်း ဆေးရုံပြောင်းရွှေ့ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။
” ချမ်းမြေ့မှာအဒေါ်တယောက် ဆေးရုံတက်နေတာ မနေ့က ဆေးရုံးပြောင်းခိုင်းတယ်။ ချမ်းမြေ့ကတော့ ဘာကြောင့်ပိတ်တယ် သေချာမသိဘူး။ Royal ဆေးရုံ ကတော့ အခွန်မဆောင်လို့ လို့ပြောတယ်။ အခွန်ကသုံးနှစ်မဆောင်ထားဘူးလို့ကြားပါတယ်။ သေချာတော့မသိပါဘူး။ ဆေးရုံက လက်ရှိလူနာတွေအတွက် တပတ်လောက်တောင်းပန်တာ တောင်မရဘူးသိရတယ်။ခုတော့ လုံးလုံးတံခါးတွေပါပိတ်ပြီ။” လို့ မြို့ခံတယောက်က ပြောပါတယ်။
ကနဦးသိရှိရတဲ့ သတင်းအချက်အလက်တွေအရတော့ ချမ်းမြေ့ဆေးရုံနဲ့ Royal City ဆေးရုံကို တလ ယာယီပိတ်ထားဖို့ ညွှန်ကြားထားကြောင်းသိရပြီး သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူနဲ့ ဆေးရုံဘက်ကတော့ ဆေးရုံပိတ်ရတဲ့အပေါ် တရားဝင်သတင်းထုတ်တာ မရှိသေးပါဘူး။
ဒါကြောင့် Royal City ဆေးရုံကို ဆက်သွယ်ပြီး ဆေးရုံပိတ်တာ ဟုတ်မဟုတ်မေးမြန်းရာ ” ဟုတ်ပါတယ်။ ဆေးရုံကို ပြုပြင်မွမ်းမံစရာလေးရှိလို့ ယာယီပိတ်လိုက်တာပါ ။ ပြန်ဖွင့်မှာပါ။ ” လို့ ဆေးရုံဘက်က ပြောပါတယ်။
လက်ရှိကလေးမြို့မှာ ပုဂ္ဂလိကဆေးရုံတွေဖြစ်တဲ့ ရှန်ဟုန်ထွန်း ၊ စံပြ ၊ ဝီစလီ ၊အာကာပယ် နဲ့ အေးမေတ္တာဆေးရုံကြီးတွေကျန်ရှိသေးတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း ၊ မိတ္ထီလာမြို့က ဇော်ဆေးရုံ၊ သီလခီလာဆေးရုံ၊ သရဖူဆေးရုံနှင့် စိုးမိုးဆေးရုံတို့ကိုလည်း ယာယီပိတ်သိမ်းဖို့ တာဝန်ရှိသူတွေက ညွှန်ကြားထားကြောင်းသတင်းတွေ ထွက်နေပါတယ်။
အရင်ကလည်း ရန်ကုန်နဲ့ မန္တလေးက ပုဂ္ဂလိက ဆေးရုံတချို့ကို တာဝန်ရှိသူတွေက ယာယီပိတ်သိမ်းတာတွေရှိခဲ့သလို အပြီးပိတ်တာတွေလည်း လုပ်ခဲ့ပါတယ်။
ဓာတ်ပုံ – CJ
