မုံးကိုး – မန်ဟိုင်း နယ်စပ်မှာ ယွမ် ၂.၃ သန်းခန့် ကျကုန်မယ့် နိုင်ငံကူး တံတား တည်ဆောက်ဖို့ ပြင်ဆင်

အောက်တိုဘာ ၁၃၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ MNDAA ထိန်းချုပ်ရာ မုံးကိုး – မန်ဟိုင်း နယ်စပ်မှာ MNDAA တပ်ဖွဲ့က ယွမ် ၂.၃ သန်းခန့် ကျကုန်မယ့် နိုင်ငံကူး တံတား တည်ဆောက်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေဆီကနဲ့ MNDAA ဘက်က ထုတ်ပြန်ချက်အရ သိရပါတယ်။
“တံတားတော့ မဆောက်သေးဘူး။ ဆောက်ဖို့ ပြင်ဆင်နေတာပဲ ရှိသေးတယ်။ တနေ့က ပုံတွေရိုက်ပြီး အားလုံးကို အသိပေးတာပဲ ရှိသေးတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
အရင်ရက် အောက်တိုဘာလ ၈ ရက်နေ့က အဲဒီ နှစ်နိုင်ငံ နယ်စပ်ကူး တံတား ပြုလုပ်မယ့် စီမံကိန်း ဖွင့်ပွဲ ပြုလုပ်ခဲ့တာ လို့ဆိုပါတယ်။
“MNDAA ရောက်လာပြီးနောက် မုံးကိုးမှာ လမ်းတွေ အရမ်းကောင်းသွားပြီ။ နယ်စပ်ချောင်း တလျှောက်လည်း အပန်းဖြေ ထိုင်စရာ ဆိုင်တွေ အများကြီး ရှိလာတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။
MNDAA ထိန်းချုပ်ပြီးနောက် လမ်း၊ တံတားတွေ အပြင် ဒေသတွင်း စိုက်ပျိုးရေး လုပ်ငန်းတွေကိုပါ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေကို ခေါ်သွင်းလာကာ လုပ်သားအဖြစ် ထောင်သားတွေကိုသာ အသုံးပြုစေတာကြောင့် ဒေသခံ လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်ကာ တရုတ်နယ်စပ်ဘက်သာ အားထားပြီး ရွှေ့ပြောင်းလုပ်သား လုပ်ရတဲ့ အထိ ဖြစ်လာတယ်လို့ ဆိုပါတယ်။
လက်ရှိ ဖြတ်သန်းနေတဲ့ သံတံတားဟောင်းက ခံနိုင်ဝန် မရှိတော့ပဲ ချောင်းရေတက်လာရင် သွားရေးလာရေး စိုးရိမ်ရတာကြောင့် အခုလို တံတားအသစ် ပြန်ဆောက်ဖို့ ပြင်ဆင်တာ ဖြစ်ကြောင်း MNDAA ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။
အဲဒီ အသစ်တည်ဆောက်မယ့် တံတားက စုစုပေါင်း အလျား ၇၅ မီတာ၊ ပင်မတံတားအရှည် ၅၅ မီတာ၊ တံတားမျက်နှာပြင် အကျယ် ၁၁ မီတာ ထဲမှာ လူသွားလမ်း တဖက်ကို ၁.၅ မီတာစီနဲ့ ယာဉ်သွားလမ်း အကျယ် ၈ မီတာ ရှိမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တံတား ဆောက်လုပ်ရေးက ၆ လခန့် ကြာမြင့်မှာဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တရုတ်ယွမ်ငွေ ၂.၃ သန်း ကုန်ကျမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
မုံးကိုးမြို့ကို MNDAA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလည်း မုံးကိုးဒေသမှာ MNDAA နဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး MNDAA က နေရာတချို့ကို ယာယီသိမ်းပိုက်ခဲ့ဖူးပါတယ်။
Photo Crd# The Kokang

Related posts

✕
VOM News

FREE
VIEW