ဆူးငှက်
ရွှေအမြုတေမဂ္ဂဇင်းနှင့် ကျွန်တော်
———————————–
ကျွန်တော် စာမျက်နှာပေါ်မှာ စတင်ပုံနှိပ်ဖော်ပြခံရဖူးတာ ဆောင်းပါးပဲ ဖြစ်သည်။ ၁၉၈၃ ခုနှစ်ကပေါ့။ ဝတ္ထုအနေနှင့်က ၁၉၈၉မှ စတင်ဖော်ပြခံရသည်။ ဒါက ရင်ခုန်ပွင့် မဂ္ဂဇင်းပေါ့။ နောက်တော့ ဝတ္ထုတိုတွေ အတော်များများက ရွှေအမြုတေမဂ္ဂဇင်း မှာပဲ ဖော်ပြပါရှိခဲ့သည်။ ကျွန်တော် အမှတ်မမှားဘူးဆိုလျှင် ရွှေအမြုတေ မဂ္ဂဇင်းသို့ ကျွန်တော်ပေးပို့ သမျှ စာမူများက အပယ်မရှိဘဲ အရွေးချယ်ခံရသည်။ ထိုစဉ်ကာလ သရက်ကုန်းမြေ ပြဿနာကြောင့်ရော အသစ်တာဝန်ယူထားသည့် မီဒီယာ လုပ်ငန်း တာဝန်ကြောင့်ရော မြန်မာ့ဓနမဂ္ဂဇင်းတွင် ပင်တိုင်ယူထားသော ကဏ္ဍများကလွဲလို့ ဝတ္ထုတွေ မရေးဖြစ်ခဲ့ပါ။ ထို့ကြောင့် ရွှေအမြုတေ မဂ္ဂဇင်း သို့လည်း ဝတ္ထု မပို့ဖြစ်တာ ကြာပါပြီ။
အခု ဒေါ်ဒေါ်လူထုဒေါ်အမာ ၏ ၉၀ ပြည့် မွေးနေ့အခမ်းအနားကို အမရပူရ တောင်သမန် အင်းစောင်းက တောင်လေးလုံး ကျောင်းတွင် ကျင်းပသောအခါ နယ်အပါအဝင် ရန်ကုန်ကလည်း စာပေအဝန်းအဝိုင်းက လူစုံအောင် ရောက်လာကြသည်။ အခမ်းအနားမစမီ ကျောင်းဝင်ပေါက်က စက္ကူပန်းရုံအောက် တိုးဝှေ့ နှုတ်ဆက်ကြ၊ စကားပြောကြစဉ် ကျွန်တော့် လက်မောင်းကို နောက်က လှမ်းကိုင် နှုတ်ဆက်လိုက်သူက ရွှေအမြုတေ မဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာဦးဝင်းငြိမ်း ဖြစ်သည်။ ဦးဝင်းငြိမ်းက မန္တလေးသား ဖြစ်သည့် အပြင် နံမည်ကျော် လက်ဝှေ့ကျားဘညိန်း၏ သားလည်းဖြစ်သည်။ ဦးဝင်းငြိမ်း ရွှေအမြုတေ မဂ္ဂဇင်းကို ရုပ်ရှင် ဂီတ ခေတ်ပေါ် ကဏ္ဍများသာမက ဆောင်းပါးနှင့် ဝတ္ထုများက စာပေမဂ္ဂဇင်း ပုံစံဖြင့်မို့ စာပေသမားများ၏ အလေးထားခံရသည့် မဂ္ဂဇင်းလည်း ဖြစ်သည်။
ကိုယ့်ကိုကိုယ် ရေထဲ ခုန်ချခြင်း
——————————–
ဦးဝင်းငြိမ်း ကျွန်တော့် လက်မောင်းကို လှမ်းကိုင်ပြီး “ကိုဆူး၊ ဝတ္ထုမပေးတာ ကြာပြီနော်၊ ဝတ္ထုရေးပေးဦး” ဟု ပြောသည်။ ထို့ကြောင့် ကျွန်တော်က “ဟုတ်ဆရာ၊ ပေးမယ်ဆရာ” ဟု ဝန်ခံရင်း “ဆရာ အခန်းဆက် ဝတ္ထုရှည် ယူမလား” ဟု ထပ်ပြောတော့ ဆရာဦးဝင်းငြိမ်းက “ယူမယ်လေ၊ ပေးတော့၊ ရှေ့က ဝတ္ထုရှည်က နောက် ၃လဆို ပြီးပြီလေ” ဟု ဆိုသည်။ ကျွန်တော်ကလည်း ထပ်မံ၍ အတွန့်တက်ပြန်၏။ “ ကျွန်တော်က ဝတ္ထုရှည်ကို တစ်လချင်းပေးမှာ ဆရာ၊ ရလား” ဟု ဆိုပြန်တော့လည်း “ရတယ်၊ လသာ မကျော်စေနဲ့၊ စောင့်မယ်” ဟု ဦးဝင်းငြိမ်းက ကျွန်တော် ပူဆာသမျှ အလိုလိုက်သည်။
သည်တော့ ကျွန်တော် က “ဟုတ်ကဲ့ဆရာ၊ ဒါဆို ရှေ့အပတ်ထဲမှာ စပေးပြီဆရာ” ဟု အာမခံလိုက်သည်။ တကယ်တော့ ဝတ္ထုရှည် ရေးဖို့ ကျွန်တော့် ခေါင်းထဲမှာ ဘာမှ မရှိသေးပါ။ ဒီကာလတွေက သရက်ကုန်းအတွက် သို့/ ဗိုလ်ချုပ်ကြီး၊ သို့/ ဗိုလ်ချုပ်မှူးကြီး ခေါင်းစီးနှင့် တင်ပြအပ်ပါသည်။ အစီရင်ခံအပ်ပါသည် စသည့်စာတွေပဲ စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုကြီး တစ်အုပ်စာလောက် လက်မလည်အောင် ရေးရ ပရင့်ထုတ်နေရသည်။ ထို့ပြင် မီဒီယာ ရုံးခန်းမှာ နိစ္စဓူဝ “ဟု သိရပါသည်၊ ဟု ဆို၏။ ဟု သတင်းရရှိပါသည်၊ ဟု ပြောကြားပါသည်” စသည့် စာသားများနှင့်ချည်း နပန်းလုံးနေရသည်။ ထို့ကြောင့် ရသဖက် မလှည့်ဖြစ်။ လေဘာတီ မမြရင်မှပင် သာဇော်၊ ဆွေနိုင်စစ်နှင့် ဖိုးနောင်(ဘူးကိုင်း) တို့က ရေထဲတွန်းချသဖြင့် ရေနစ်မသေအောင် တတ်သလောက် မှတ်သလောက် ကူးခတ်ခဲ့ရခြင်း ဖြစ်သည်။ အခု ဆရာဦးဝင်းငြိမ်ကို ဝတု္ထုရှည် ပေးမည်ဟု အာမခံလိုက်ခြင်းကတော့ ကိုယ့်ကိုကိုယ် ရေထဲ ခုန်ချလိုက်ခြင်းဖြစ်သည်။ မသေချင် ကူးပေရော့။
ဖိုင်ဟောင်းလေး တစ်ဖိုင်
————————-
ခေါင်းထဲမှာ ဘာမှ အဆင်သင့်မရှိဘဲ ဝတ္ထုရှည်ရေးမည်ဆိုတော့ ဘာရေးလို့ ရေးရမှန်းမသိ။ တစ်လချင်း ရေးပေးဖို့က ဇာတ်အဆင်သင့် ပလော့ အဆင်သင့် ရှိရမည်။ အခု ဘာမှ မရှိ၊ ထို့ကြောင့် စာပွဲပေါ်ထိုင်တိုင်း ဖိုင်အဟောင်းတွေ၊ စာရွက် အတိုအစ အဟောင်းတွေပဲ မွှေဖြစ်နေတော့သည်။ ဖိုင်အဟောင်းတွေ မွှေရင်း လွန်ခဲ့သော ၈နှစ်လောက်က ရေးခဲ့သည့် စာမများကို စုထားသည့် ဖိုင်တစ်ဖိုင်ကို တွေ့သည်။ သည်ဖိုင်ထဲမှာ ဇာတ်လမ်းရည်ရွယ်ချက်ပါသည်။ ဇာတ်လမ်း အကျဉ်း ပါသည်၊ ခန်းစဉ် အစီအစဉ်ပါသည်။ ဇာတ်ကောင် စာရင်းကို ဇာတ်ကောင်စရိုက်များနှင့် တွဲ၍ ဖော်ပြ ထားတာပါသည်။ ထိုဖိုင်ထဲပါတာတွေက မိတ္တူတွေ ဖြစ်သည်။ မူရင်းတွေက မရှိတော့။ ဒါရိုက်တာ ဆရာမီးပွားထံပေးပြီး ဖြစ်သည်။ ထိုဖိုင်များ၏ ဇာတ်လမ်းက သည်လိုပါ။
ကျွန်တော် ဟေမာဇလရပ်မှ ရဲသိပ္ပံတိုက်ခန်းသို့ ပြောင်းလု ပြောင်ချင်ကာလ အိမ်သို့ ဆရာမီးပွား ရောက်လာသည်။ သူနှင့်အတူ ဆရာနေဝင်းမြင့်လည်း လိုက်ပါလာသည်။ ဆရာမီးပွားက ဂီတနောက်ခံ မန္တလေးဇာတ်လမ်း ရုပ်ရှင် ဇာတ်ကားကို မင်္ဂလာကုမ္ပဏီနှင့် ရိုက်လိုသည်။ ထို့ကြောင့် ဇာတ်လမ်းကိစ္စ ဆွေးနွေးခြင်း ဖြစ်သည်။ သင်္ကြန်မိုးကဲ့သို့ ဇာတ်လမ်းပေါ့၊ သို့သော် သင်္ကြန်တစ်မျိုးတည်း အခြေခံတာမျိုး မဟုတ်ဟုဆိုသည်။ ထု့ကြောင့် ကျွန်တော်က ဖြစ်နိုင်သော ဇာတ်လမ်းကို ပြောပြကာ သဘောတူသောကြောင့် ဆရာမီးပွားက ကျွန်တော့်ကို လိုအပ်သည်များ ရေးသားပေးဖို့ ပြောဆိုပြီး ပြန်သွာသည်။ ရန်ကုန်ရောက်လို့ ချက်ချင်းပင် စာမူများ အမြန်ပို့ပေးပါ ပြောသဖြင့် ယခု ဖိုင်အတွင်းက စာမူတွေ ဆရာမီးပွားထံ အမြန်ချောနှင့် ပို့လိုက်ကာ မိတ္တူများ ယူထားလုက်သည်။ သို့သော် ထိုဇာတ်ကားက ၈နှစ်သာ စောင့်ခဲ့ရသော်လည်း အကောင်အထည် မပေါ်ခဲ့။
ကျွန်တော်နှင့် ရုပ်ရှင်က ကံမစပ်ပါ
—————————————
တကယ်တော့ ကျွန်တော်နှင့် ရုပ်ရှင်က ကံမစပ်ပါ။ ၁၉၉၅ ဝန်းကျင်ကလည်း ဆရာဒါရိုက်တာ မောင်တင်ဦး သူ့တပည့် ကိုကျော်နှင့် အိမ်သို့ရောက်လာသည်။ ရုပ်ရှင်ရိုက်ဖို့ ဇာတ်လမ်းတဲ့လေ။ ကျွန်တော်က ကျွန်တော်ရေးပြီးသော ဝတ္ထုများကို ဖတ်ပြီး ကြိုက်သည့် ဇာတ်လမ်းကို ယူပါ။ ကျွန်တော် အသစ်မရေးတတ်လို့ပါဟု ဆိုတော့ မဟုတ်ပါ အသစ်လိုချင်တာပါ။ ဖြစ်အောင် ရေးပေးပါဟု တိုက်တွန်းသည်။
ကျွန်တော်ဘယ်လို ငြင်းသော်လည်း နောက်ရက်မှာ ထပ်ရောက်လာပြီး မန္တလေးအခြေခံတဲ့ ဇာတ်မို့ ကျွန်တော်ပဲ ရေးပေးပါဟု ဆိုသည်။ ချက်ချင်းရေးပေးပါ ညနေရထားအဆင်း လိုချင်ပါတယ်။ နောက်မှ လိုတာ ဖြည့်ပါ။ အခု စီစစ်ရေးတင်ဖို့ ဇာတ်လမ်းအကျဉ်း ရချင်ပါတယ်။ ဘူတာက စောင့်ပါ့မယ်ဟု ဆိုပြိး တွဲနံပတ် ခုံနွပတ်တွေ ပေးသွားသည်။ သည်တော့ ရေးပြီပေါ့၊ ရေးရင်း လက်တွေ့သွားတော့ ဇာတ်လမ်းအကျဉ်း မဟုတ်တော့။ ကျွန်တော့် လက်ရေးနှင့် ဖူးစကက် စာမျက်နှာ ၆၀ကျော် ဝတ္ထုရှည် ဖြစ်သွားသည်။ ပြီးတာနှင့် မိတ္တူပင်မကူးနိုင်ဘဲ စာရွက်တွေ ချုပ်ကာ ဘူတာ အမြန်ဆင်းပြီး ဆရာမောင်တင်ဦး လက်ထဲ ထည့်လိုက်သည်။ ထိူစာမူကို ကိုယ့်ဘာသာရေးပြီး သဘောကျခဲ့သည်။
လုပ်စားသွားတယ်လို့ အပြောမခံရရင် တော်ပါပြီ
————————————————-
ရထားထွက်ခါနီးမှာပင် ဆရာမောင်တင်ဦးက ကိုဆူး ဇာတ်လမ်းအတွက် ဘယ်လောက် ချီးမြှင့်ရမလဲ၊ ရန်ကုန်ရောက်တာနဲ့ ကျွန်တော် ပတ်ပလစ်ရှာကို ပြောပြီး လွှဲခိုင်းပါ့မယ်ဟု ဆိုတော့ “ ကျွန်တော် တစ်ခါမှလည်း မရေးဖူးတော့ မတောင်းတတ်ပါဘူးဆရာ၊ မန္တလေးသား မောင်တင်ဦးက သူ့ထက် ဝါငယ်တဲ့ မန္တလေးသား ဆူးငှက်ကို လုပ်စားသွားတယ်လို့ အပြောမခံရဘဲ ချီးမြှင့် မြှောက်စားသွာတယ် လို့ အပြောခံရရင် ကျေနပ်ပါတယ်၊ ဆရာပဲ ဆုံးဖြတ်ပါ” ဟု ပြောလိုက်သည်။ “အိုကေ၊ ကျွန်တော်သဘောပေါက်ပြီ၊ ကိုဆူးမနစ်နာအောင် ကျွန်တော် တာဝန်ယူပါတယ်၊ အိုကေ” ဟု ပြောပြီး ရထားပေါ်တက်သွားတာ သတိရမိသည်။ နောက် မတွေ့တော့၊ ထိုဇာတ်ကားလည်း ပေါ်မလာတော့၊ ထိုဇာတ်လမ်းစာမူလည်း စုံးစုံးမြုတ်ပေါ့။ ကျွန်တော်က ကော်ပီ ယူမထားရသည့် စာမူကို သတိရတိုင်း နှမြောနေသည်။
တစ်ခါ ဆရာမောင်တင်ဦးပဲ မန္တလေး မြိုကတော်ဝန်သင်္ကြန်မဏ္ဍပ်အတွက် MTV ရိုက်ကူးရေး စီမံချက်ရေးပြီး ရောက်လာပြန်သည်။ ကျွန်တော်လည်း ပူးပေါင်းပါဝင်ဖို့တဲ့၊ ကျွန်တော်က မလုပ်တတ်လို့ငြင်းလိုက်သည်။ မပါလို့ မဖြစ်ပါတဲ့။ မြိုကတော်ဝန်ထံ တင်ထားသည့် စီမံချက်မှာ သူက ကျွန်တော့်ကို အကြံပေးအဖြစ် ထည့်ထားသတဲ့။ သည်တော့ ကျွန်တော်က တကယ်လုပ်ဖြစ်ရင် ကျွန်တော့်နံမည် မထည့်ပါနဲ့၊ အခု လိုအပ်သော အချက်အလက်တွေ၊ ရှေးဟောင်းသင်္ကြန်ဓာတ်ပုံတွေ၊ သီချင်းတွေ ပေးပါံမယ်ဟု ဆိုကာ DATA တွေ စီဒီခုတ်ပေးကာ မဏ္ဍပ်ပုံစံပင် ရေးပေးလိုက်သည်။ သို့သော် ဒါလည်း မလုပ်ဖြစ်။ ထို့ကြောင့် ကျွန်တော်နှင့် ရုပ်ရှင်က ကံမစပ်ခဲ့ပေ။
အခု ဖိုင်အဟောင်းလေးတွေ့ပြီး စာမူတွေ ဖတ်လိုက်မိသည်နှင့် ဖျပ်ခနဲ ဉာဏ်ပွင့်လာသည်။ ဆရာဦးဝင်းငြိမ်းကို ပေးမည်ဟု အာမခံလိုက်သည့် မဂ္ဂဇင်း အခန်းဆက် ဝတ္ထုရှည်အတွက် သည်ဖိုင်ဟောင်းထဲက စာမူများတွင် ပါရှိသည့် အချက်အလက်များကို အခြေခံပြီး အခန်းဆက် ဝတ္ထုရှည် ရေးမည်လေ။ နိပ်တယ်။ ဒီဇာတ်က ခေါင်းထဲမှာ ရှိပြိးသား၊ ဇာတ်ကောင်တွေက ကျွမ်းဝင်ပြီးသား၊ ပါဝင်ရမည့် အချက်အလက်တွေက အလွတ်ရလုနီးပါးလေ။ ထို့ကြောင့် ထိုဖိုင်ကို ယူကာ အခန်းဆက်ဝတ္ထုရှည်ကို ရေးဖြစ်တော့သည်။ ဝတ္ထုအမည်က “တိမ်ယံအိပ်မက်၊ မိုးထက်နရီ” တဲ့လေ။
ရွှေအမြုတေမှာ ၁၁ လကြာ
—————————–
၂၀၀၅ခုနှစ် ဒီဇင်ဘာလတွင် ဆရာဦးဝင်းငြိမ်းထံ စတင်ပေးပို့ခဲ့သော ကျွန်တော့် အခန်းဆက် ဝတ္ထုရှည်သည် ရွှေအမြုတေ မဂ္ဂဇင်းတွင် ၂၀၀၆ခုနှစ် ဇူလိုင်လမှ ၂၀၀၇ခုနှစ် မေလအထိ ၁၁လ ဖော်ပြ ပါရှိခဲ့သည်။ မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခဲ့သည့် ၁၁လ ကာလအတွင်း ပရိသတ်၏ တုံ့ပြန်မှုက အုတ်အော်သောင်းတင်းတော့ မဖြစ်လှ။ အကြောင်းအရာက မန္တလေး နောက်ခံနှင့် မန္တလေး အကြောင်းအရာကို အခြေခံခြင်းကြောင့် လူအများစုက စိတ်ဝင်စားစရာ ကြိုက်နှစ်သက်စရာ ဝတ္ထုတော့ မဟုတ်လှပေ။ မန္တလေးစာဖတ်ပရိသတ်နှင့် ဂီတကို စိတ်ဝင်စားလှသူလောက်သာ ဖတ်မိကြလိမ့်မည်။ ထို့ကြောင့်လည်း ထိုစဉ်က ရွှေအမြုတေမဂ္ဂဇင်း၏ ရှေ့ပိုင်းစာမျက်နှာတွင် ဖော်ပြသော ပရိသတ်ထံမှ ပေးစာကဏ္ဍတွင် ကျွန်တော့် ဝတ္ထုကို ကောင်းလိုက်တာ၊ ကြိုက်လိုက်တာ၊ ရှေ့လကို မျှော်နေမယ်နော် ဟူသော စာမျိုးနှင့်လည်း အချီးကျူး မခံခဲ့ရပါ။
သို့သော် ကျွန်တော်ကတော့ ရေးရတာပျော်နေသည်။ မီဒီယာ အလုပ်တစ်ဘက်ကြားက ကိုယ့်ကိုကိုယ် ကျွန်တော် မမွေးသေးသည့် ၁၉၂၀ကျော်မှ ၁၉၅၀ကျော်ကာအတွင်း ရောက်အောင် ကာလယန္တယား နောက်ပြန်လှည့် ခဲ့သည်။ ထိုကာလထုတ် သတင်းစာဟောင်းများထဲက အချက်အလက်တွေသာမက ကြော်ငြာတွေ အထိ ကြည့်ရ ရှုရ ဖတ်ရ မှတ်ရသည်။ ဒေါ်ဒေးလူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာသည်များ၊ အငြိမ့်၊ ကျွန်မတို့ ငယ်ငယ်က၊ မြန်မာ့မဟာဂီတ စသည့် စာအုပ်များကို ကိုးကားရသည်။ လူထုဦးလှ၏ စစ်အတွင်း မြန်မာပြည် စာအုပ်များ၊ ခင်သန်းမြင့်၏ မိုးဒေဝါ မလှရွှေ၊ မြို့မ ရွှေရတုမဂ္ဂဇင်းတွေကို ပြန်လှန် ဖတ်ရသည်။ အထူးသဖြင့် အမြဲလိုလို စကားပြောဖြစ်သည့် မြို့မငြိမ်း မိသားစုဖြစ်သော အန်တီဒေါ်တင်ကြည်၊ ဦးသန်းအောင်ခိုင်၊ ဦးရွှန်းမြိုင်တို့ထံက အချက်အလက်တွေ မှတ်သား ရယူရသည်။ ထို့ပြင် မန္တလေး ယဉ်ကျေးမှုဂျာနယ်တွင် ဖော်ပြပါရှိခဲ့သည့် ဆရာကြည်မြ၏ ရှေးခေတ် မန္တလေး တရုတ်တန်း(လမ်း ၈၀) မြင်ကွင်းများကို ကိုးကားရသည်။
အတုကြားထဲ အစစ်ကို ထည့်ပေးရတယ်
—————————————
ထိုစဉ်ကာလ နန်းဦးလွင် မိသားစုကဖေးတွင် ဒါရိုက်တာ ဆရာမောင်ယဉ်အောင်နှင့် မနက်တိုင်း စကားလက်ဆုံကျ ဖြစ်သည်။ ဆရာမောင်ယဉ်အောင် ထံက သူကခဲ့သော ပြဇာတ်တွေအကြောင်းပြောရင်း ဇာတ်လမ်းနှင့် ဇာတ်ခုံပေါ်မှာ အပြ သဘောတရားတွေ ကြားနာရသည်။ ဇာတ် အချိတ် ဇာတ်အဖြုတ် ဇာတ်အသိမ်းတွေပေါ့။ အထူးသဖြင့် ဆရာ့ထံက စကားတစ်ခွန်းက အဖိုးတန်လှ၏။ “ကိုဆူးရ၊ စင်ပေါ်က ပြဇာတ်မှာ ဆက်တင်ကအစ ဂရုစိုက်ရတယ်ဗျ၊ အတုချည်းထဲ ပြရင်လည်း သဘာဝနဲ့ မနီးစပ်ဘဲ ပရိသတ်ဆီ မရောက်ဘူးဗျ၊ အဲ အစစ်ချည်းပဲ ပြရင်လည်း အနုပညာမပါလို့ ပရိသတ်က မစွဲဘူးဗျ။
ဒါ့ကြောင့် ဇာတ်ခုံပေါ်က ဇာတ်ဝင်ခန်း တစ်ခန်းစီတိုင်းမှာ အတုကြားထဲ အစစ်ကို ထည့်ပေးရတယ်။ ဒါဆိုရင် ပရိသတ် အမြင်မှာ အတုက အစစ်ဖြစ်သွားတာဗျ။ ဥပမာဗျာ ရွာက အိမ်လေးပါတဲ့ ဇာတ်ဝင်ခန်းဆိုစို့။ သစ်ပင်က ပန်းချီ ဖောက်ကားဗျာ အတု၊ တဲလေးကလည်း ပန်းချီဆက်တင်ကို ထောင်ထားတာ အတုပဲ။ အိမ်ရှေ့ ဝါးကြမ်းစင်လေးကလည်း ဇာတ်သေတ္တာရှေ့ ပန်းချီထည်နဲ့ ကာထားတာ အတုပဲ။ အဲ အိမ်လေး ရှေ့က ရေအိုးစင်ကျ ဝါးလုံးသုံးချောင်းထောက် ပေါ် ကရွတ်ခွေခံပြီး ရေအိုးအစ်တင်ပြီး ရေမှုတ်လည်း ထည့်ထားတာ၊ ဇာတ်ကောင်က ဇာတ်ခုံတဘက်ကနေ တံဇဉ် ခါးကြားထိုးပြီး ရှင်မရေ ရှင်မ ဆိုပြီး ဝင်လာ၊ အထဲက ထူးသံ မကြားရ၊ သြော်.. မိန်းမကလည်း ဘယ်များသွားနေပါလိမ့်၊ ရှင်မရေ.. အေ.. ရှင်မ၊ လို့ လှမ်ခေါ်ရင်း ခါးပုံစဖြုတ် မျက်နှာသုတ်၊ ရေအိုးထဲက ရေကို ရေမှုတ်နဲ့ ခပ်သောက်၊ မျက်နှာပါ သစ်လိုက်။ ဒါဆိုရင် သစ်ပင်ဖောက်ကားရော၊ အိမ်ပန်းချီထည်ရော၊ ကွပ်ပျစ် ပန်းချီပုံရောက ရေအိုးစင် ရေအိုး ရေမှုတ် ရေ ဆိုတဲ့ အစစ်ကြောင့် ပရိသတ်အမြင်မှာ အကုန်အစစ်ဖြစ်သွားတာဗျ။ ကျွန်တော့် ပြဇာတ်တပုဒ်မှာဆိုရင် တိုက် ဆက်တင်မှာ ဘိလပ်တံခါး အစစ်ထည့်ထားတာ၊ ပြဇာတ်မှာ မင်းသား မြိုကတော်သန်းအောင် က သူ့တိုက်ထဲဝင်တော့ ဘိလပ်တံခါးကို ဆွဲဖွင့်ပြီး ဝင်လိုက်တော့ ဆက်တင်တိုက်ကိုလည်း အစစ်ထင်သွားတာဗျ” ဟူသည်။
ဆွေမျိုးမစပ်ဘဲ လည်ဆံ့နေအောင်
—————————————
ဆရာ မောင်ယဉ်အောင်၏ ထိုစကားက ကျွန်တော်ရေးနေသော ဝတ္ထုရှည်အတွက် အတော် အသုံးကျသည်။ ကျွန်တော့ ဝတ္ထုမှာက ဇာတ်လိုက် မင်းသားနှင့် မင်းသမီး အသိုင်းအဝန်းတွေ သူတို့လှုပ်ရှားမှုတွေက အတုတွေချည်း ဖြစ်သည်။ စိတ်ကူးယဉ်ဇာတ်ကောင် စိတ်ကူးယဉ်ဇာတ်လမ်းပဲ ဖြစ်သည်။ သည်အတုတွေကြားမှာဆရာဘကလေး၊ ရုံပိုင်ဦးစံဝင်း၊ စိန်ဗေဒါ၊ မြိုမငြိမ်း၊ နန်တော်ရှေ့ဆရာတင်၊ လေဘာတီ မမြရင်၊ စသည့် လူပုဂ္ဂိုလ်များနှင့် တရုတ်တန်းဖျာဝိုင်း၊ မြို့မတူရိယာအသ်း၊ နေရှင်ကျောင်း၊ သီပေါရုံက ကပွဲ၊ မမြရင်တုံးကျော်ခြင်း၊ ကျားဘညိန်း မိန်းမခိုးခန်း၊ မြို့မနှင့် မာဃပြိုင်ပွဲ၊ ဒုတိယကမ္ဘာစစ့်နှင့် နေသူရိန်ဇာတ်ရုံက ရွှေမန်းမောင်မယ်ရွေးပွဲတို့က အစစ်များဖြစ်သည်။ အစစ်များကိုညာလို့မရ၊ ဘောင်ကျော်လို့မရ၊ ပကတိအရှိမို့ ကျမ်းကိုးရှာရသည်။ အတုက ထိုအစစ်များကို အခြေပြုပြီး ဝင်ရောက် ကပြရသည်။
ထိုထို ကြောင်းခြင်းရာတွေထဲမှာမှ ဇာတ် အတက်အကျ၊ နောက်ခံ အပြောင်းအလဲတို့ကို ပရိသတ်က ဆွေမျိုးမစပ်ဘဲ လည်ဆံ့နေအောင် အားထုတ်ခဲ့ရသည်။ သည်နေရာတွင် “ပရိသတ်က ဆွေမျိုးမစပ်ဘဲ လည်ဆံ့နေအောင်” ဆိုသည်မှာလည်း ဆရာမောင်ယဉ်အောင် ၏ စကားထဲက အသင်အကြား ဖြစ်ပါ၏။ “ကိုဆူးရေ..၊ ကိုယ့်ပြဇာတ် ကောင်းမကောင်း စင်အောက် ဆင်းပြီး ပရိသတ်ကို အကဲခတ်လိုက်၊ ပရိသတ်က ပြဇာတ်ကြည့်ရင်း ကိုယ့်ဘေးက လူတွေနဲ့ ဘယ်က လာကြည့်ကြတာလဲ၊ ဘယ်အရပ်ကလဲ၊ ဒါလေးက သားထင်တယ်နော် သမီးထင်တယ်နော်လို့ အချင်းချင်း ဆွေမျိုးစပ်နေကြရင် ကိုယ့်ပြဇာတ် မကောင်းလို့ပဲ။ ပြဇာတ်ကို စိတ်မဝင်စားကြလို့ပဲ။ အဲ့လိုမဟုတ်ဘဲ ပရိသတ်က အသက်ရှူဖို့ မေ့နေလောက်အောင် ပြဇာတ်ထဲမှာ နစ်နေပြီး နောက် အခန်းက ဘာလာမှာပါလိမ့်လို့ ဇာတ်စင်ဆီပဲ အာရုံစိုက် လည်ဆံ့နေရင် ကိုယ့်ပြဇာတ် ကောင်းလို့ပဲဗျ” ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။
တကယ်တော့ ကျွန်တော်ရေးလိုက်သော “တိမ်ယံအိပ်မက် မိုးထက်နရီ” သည် ၂၀၂၅ခုနှစ်တွင် အနှစ်၁၀၀ တင်းတင်းပြည့်မည့် မြို့မတူရိယာအသင်း ၏ ကနဦးအစ ကာလကို အခြေခံ၍ အစစ်ဇာတ်ကောင်များ၊ အစစ် အဖြစ်အပျက်များကို ကျောရိုးယူ၍ အတုဖြစ်သော စိတ်ကူးယဉ် ဇာတ်ကောင်များနှင့် ဇာတ်အိမ်တည်ထားခြင်း ဖြစ်သည်။ မြို့မတူရိယာအသင်း ဟူသည်ကို ၁၉၂၅ခုနှစ်တွင် စတင်စုစည်းကြပြီး ၁၉၂၈ခုတွင် အသင်းဖွဲ့စည်းပုံ စည်းမျဉ်း စည်းကမ်းဖြင့် စံနစ်တကျ ပြဋ္ဌာန်း၍ တရားဝင် ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်ပါ၏။
ထို့ကြောင့် တိမ်ယံအိပ်မက် မိုးထက်နရီ တွင် ထိုစဉ်ကာလ အဖြစ်အမှန်များကို ကျောရိုးယူကာ ထိုစဉ်က အမှန်တကယ်ရှိခဲ့သော သက်ရှိပုဂ္ဂိုလ်ကြီးများကို မူတည်ပြီး စိတ်ကူး ဇာတ်ကောင်များနှင့် ဖွဲ့စည်းထားသည့် ဝတ္ထုရှည် ဖြစ်ပါသည်။ ထိုအခါ တိမ်ယံအိပ်မက် မိုးထက်နရီသည် သမိုင်းမှတ်တမ်းနှင့် အတ္ထုပ္ပတ္တိ မဟုတ်သော်လည်း စိတ်ကူးယဉ်သက်သက်မဟုတ်တာလည်း သေချာပါသည်။ ကိုင်း.. ပရိသတ်က ဆွေမျိုးစပ်မလား လည်ဆန့်မလားကိုတော့ စောင့်ကြည့်ရဦးမည်။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက်
