နိုဝင်ဘာ ၄၊ ၂၀၂၆။
NN(VOM)
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) အဖွဲ့ တာဝန်ရှိသူတွေဟာ အခုရက်ပိုင်း အတွင်း မိုင်းလားနဲ့ “ဝ” တပ်ဖွဲ့ထိန်းချုပ်ဒေသတွေကို သွားရောက်ခဲ့တယ်လို့ မိုင်းလားနဲ့ “ဝ” တပ်ဖွဲ့ဘက်က သတင်းထုတ်ပြန် ပါတယ်။
NSPNC အဖွဲ့ဟာ အခုလ ၁ ရက်နေ့ မှာ မိုင်းလားဒေသကို သွားရောက်ခဲ့ပြီး မိုင်းလားအထူးဒေသ (၄) ဥက္ကဋ္ဌ ဦးထိန် လင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။
“နယ်စပ်တည်ငြိမ်ရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရေးနဲ့ ဒေသဖွံ့ ဖြိုးရေးကိစ္စတွေကို အဓိကဆွေးနွေးခဲ့တယ်” လို့ မိုင်းလားတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ပါတယ်။
မိုင်းလားဒေသမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ကိုလည်း ဆွေးနွေးခဲ့ပြီး မိုင်းလားဒေသရဲ့ ရေအားလျှပ်စစ်လုပ်ငန်းတွေကိုလည်း လေ့လာခဲ့တယ်လို့ တွေ့ဆုံပွဲအကြောင်း သိရှိသူတွေထံကနေ သိရပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့အဖွဲ့ဟာ နိုဝင်ဘာ ၃ ရက်နေ့မှာ “ဝ” တပ်ဖွဲ့ ထိန်း ချုပ်ဒေသကို သွားရောက်ခဲ့ပြီး UWSP ဘက်က ပြင်ပဆက်ဆံရေးဌာန အကြီးအကဲ ဦးကျောက်ကော်အန်း၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဦးပေါက်အိုက်ခမ်း ဦးဆောင်တဲ့ ကိုယ် စားလှယ်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ “ဝ” တပ်ဖွဲ့ ဘက်က သတင်းထုတ်ပြန် ပါတယ်။
“ကျားဖြန့်နှိမ်နင်းရေးနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးကိစ္စတွေကိုပဲ အဓိကဆွေး နွေးတာပါ” လို့ “ဝ” တပ်ဖွဲ့တာဝန်ရှိသူတယောက်က ပြောပါတယ်။
ပညာရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို “ဝ” တပ်ဖွဲ့ဘက်က တင်ပြ ခဲ့ပြီး NSPNC ဘက်ကလည်း သူတို့ဆောင်ရွက်ပေးနိုင်မယ့် အခြေအနေ တွေကို ပြန်လည်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့ဟာ အခုနှစ် ဇွန်လတုန်းကလည်း “ဝ” ဒေသနဲ့ မိုင်းလားဒေသတွေကို ပထမဆုံး သွားရောက်ခဲ့ ပါတယ်။
အဲဒီနောက် ဩဂုတ်လအတွင်း နေပြည်တော်မှာ ထပ်မံတွေ့ဆုံခဲ့ပြီး အခုတစ် ကြိမ်ဟာ သုံးကြိမ်မြောက် တွေ့ဆုံတာဖြစ်ပါတယ်။
နေပြည်တော်တွေ့ဆုံပွဲမှာတော့ “ဝ” တပ်ဖွဲ့ဘက်က ပြည်နယ်ရရှိရေး တောင်းဆို ထားပြီး မိုင်းလားတပ်ဖွဲ့ဘက်ကတော့ အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
အစိုးရဘက်ကတော့ “ဝ” တပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့ရဲ့ တောင်းဆိုချက်တွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သတ်မှတ်ချက်တွေအတိုင်း စဉ်းစားဆောင်ရွက်ပေးမယ်လို့ ပြီးခဲ့တဲ့ဆွေးနွေပွဲတွေမှာ ပြောဆိုထားပါတယ်။
