ရွှေထည်ပစ္စည်းတွေ အွန်လိုင်းက ရောင်းချမှုကို ကန့်သတ်တာဟာ မှောင်ခိုဈေးကွက်ကို ပိုပြီး ကြီးထွားစေနိုင်

နိုဝင်ဘာ ၄ – ၂၀၂၆
SS (VOM)
ရွှေနဲ့ ရွှေထည်ပစ္စည်းတွေကို အွန်လိုင်းမှတဆင့် ရောင်းချမှုကို ကန့်သတ်တာဟာ ဈေးကွက်ကို ယာယီအားဖြင့် ငြိမ်သက်သွားစေနိုင်ပေမယ့် ပြင်ပဈေးကွက်မှာ တရားမဝင် မှောင်ခို အရောင်းအဝယ်တွေ ပိုမို ကြီးထွားလာနိုင်တဲ့ စိန်ခေါ်မှုတွေလည်း ရှိလာနိုင်တယ်လို့ စီးပွားရေး လေ့လာသူတွေနဲ့ ဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
နိုင်ငံတော်မှ လတ်တလော ထိန်းကျောင်းနေတဲ့ ဒေါ်လာ၊ ရွှေနဲ့ ကားဈေးနှုန်းတွေ တည်ငြိမ်စေရေး ဆောင်ရွက်မှုကို ပံ့ပိုးနိုင်ဖို့အတွက် ရွှေ၊ ရွှေကြမ်း၊ လက်ဝတ်ရတနာအပြင် ရွှေ၊ ရွှေကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းကို ယာယီခွင့်မပြုဘူးလို့ ရန်ကုန်တိုင်းရွှေအသင်း (YGEA) က မနေ့ နိုဝင်ဘာ ၃ ရက်နေ့မှာ အသိပေးချက် ထုတ်ပြန်ထားတာပါ။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ စီးပွားရေး လေ့လာစောင့်ကြည့်သူ တယောက်က “ဈေးကွက်တခု မတည်ငြိမ်တာဟာ ရောင်းချပုံစနစ်ကြောင့်ထက် ငွေကြေးဖောင်းပွမှုနဲ့ ပကတိ စီးပွားရေးအခြေခံ အကြောင်းရင်းတွေကြောင့်ပါ။ အွန်လိုင်းရောင်းချမှုကို ပိတ်ပင်လိုက်ရုံနဲ့ ဈေးနှုန်းကို ရေရှည်မှာ မထိန်းနိုင်ပါဘူး။ မှောင်ခိုဈေးကွက်ကိုလည်း ပိုပြီး အားကောင်းလာစေနိုင်သလို ဈေးကွက် ဘေးထွက်ဆိုးကျိုးတွေ ပိုပြီး များလာနိုင်တယ်။ ဈေးနှုန်းမှန်ကန်မှုနဲ့ ပွင့်လင်းမြင်သာမှု ရနိုင်ဖို့ ပိုပြီး ခက်ခဲသွားစေနိုင်ပါတယ်” လို့ ပြောပါတယ်။
ရွှေ၊ ဒေါ်လာနဲ့ ကားဈေးနှုန်းတွေ တည်ငြိမ်ဖို့ဆိုတာဟာ ကန့်သတ် ပိတ်ပင်မှုတွေထက် ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ တရားဝင်ကုန်သွယ်မှု လွယ်ကူချောမွေ့အောင် လုပ်ဆောင်ရေးနဲ့ ငွေကြေးမူဝါဒကို ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
“ဈေးနှုန်းတွေ ဆိုတာကလည်း အခုလို ပိတ်ပင်မှုတွေ လုပ်လိုက်ရုံနဲ့ ချက်ချင်းကြီး တည်ငြိမ်သွားမှာ မဟုတ်ပါဘူး။ တရားဝင် ရပ်တည်နေတဲ့ လုပ်ငန်းရှင်တွေအတွက် ထိခိုက်မှု ပိုများလာနိုင်တယ်။ ဈေးကစားခံရနိုင်ခြေကလည်း ပိုပြီးတော့တောင် များလာနိုင်ပါတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် ဈေးကွက်ကျွမ်းကျင်သူ တယောက်ကလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အခုလို ကန့်သတ်ချက်တွေ ချမှတ်နေမယ့်အစား မှန်ကန်တဲ့ သတင်းအချက်အလက် ပွင့်လင်းမြင်သာမှုနဲ့ တရားဝင် ဈေးကွက်ယန္တရား လွတ်လပ်စွာ လည်ပတ်ခွင့်ပြုတာက ပိုပြီး ထိရောက်တဲ့ ဖြေရှင်းနည်းဖြစ်တယ်လို့ ပြောပါတယ်။
“အွန်လိုင်းထိန်းချုပ်မှုတွေက ရေတိုမှာတော့ ဆိုရှယ်မီဒီယာပေါ်မှာ ဈေးနှုန်းတွေ အပြိုင်အဆိုင်ဆွဲတင်ပြီး ဈေးကစားနေတာကို ဟန့်တားနိုင်တာ မှန်ပါတယ်။ ဒါပေမယ့် ရေရှည်အတွက်ကတော့ ကောင်းတဲ့အလားအလာ မရှိနိုင်ဘူး။ ဈေးကွက်ပုံစံ ပြောင်းလဲသွားနိုင်သလို နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်တယ်” လို့ သူက ပြောပါတယ်။
အခုလို ကန့်သတ်ချက်တွေကြောင့် တရားဝင် သတ်မှတ်ဈေးနဲ့ ပြင်ပ မှောင်ခိုဈေးကွက်အကြား ဈေးနှုန်းကွာဟချက် ပိုမို ကြီးမားလာနိုင်ပြီး အမှန်တကယ် အရောင်းအဝယ်ဖြစ်တဲ့ ပြင်ပဈေးနှုန်းကို ပုံသေ တွက်ချက်နိုင်ဖို့ ခက်ခဲသွားစေနိုင်တယ်လို့ သူက ပြောပါတယ်။
လက်ရှိ ရွှေအသင်းရဲ့ ထုတ်ပြန်ချက်အရ အွန်လိုင်းမှတဆင့် ဈေးရောင်းချခွင့်အတွက် မှတ်ပုံတင် သက်တမ်းတိုးကိုလည်း ခွင့်ပြုမပေးတော့ဘူးလို့ သိရပြီး ကျောက်မျက်ရတနာ သီးခြား ရောင်းချခြင်းလုပ်ငန်းကိုတော့ ဝန်ခံကတိနဲ့ ခွင့်ပြုပေးနေတယ်လို့ အသိပေးထားပါတယ်။
“အခုလို သတ်မှတ်ချက်တွေက ကိုယ်ပိုင်ဆိုင်မရှိသူတွေ၊ ဆိုရှယ်မီဒီယာကိုသာ အဓိက အားကိုးပြီး ရောင်းချနေတဲ့ SMEs (အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်) တွေကို ထိခိုက်စေနိုင်တယ်။ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရလည်း အွန်လိုင်းရောင်းချမှုအတွက် မှတ်ပုံတင်ခွင့် မရှိတော့ဘူးဆိုတော့ တရားဝင်လိုင်စင်နဲ့ စနစ်တကျ လုပ်ကိုင်လိုတဲ့သူတွေအတွက် လမ်းကြောင်းတွေ ပိတ်သွားစေနိုင်တယ်” လို့ သူက ပြောပါတယ်။
ရွှေအသင်းရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက်မှ အခု ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်အထိ လက်ဝတ်ရတနာပစ္စည်း အုပ်စုနဲ့ Online Sale မှတ်ပုံတင်လက်မှတ် စောင်ရေ ၈၁၁ စောင် ခွင့်ပြု ထုတ်ပေးထားပြီး မှတ်ပုံတင် သက်တမ်းရှိနေတဲ့ စောင်ရေ ၂၄၁ စောင်နဲ့ သက်တမ်းကုန်ဆုံးတဲ့ စောင်ရေ ၅၇ဝ ရှိတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW