အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရုရှားသွားမယ်

 

ဒေလီ၊ ဇူလိုင်-၆-၂၀၂၄
မျိုးဆက်(VOM)

အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးဖို့ လာမယ့်သီတင်းပတ်မှာ ရုရှားကို သွားရောက်မယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရုရှားနဲ့အနောက်နိုင်ငံတွေအကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာ ဝန်ကြီးချုပ်မိုဒီရဲ့ ရုရှားခရီးစဉ်ထွက်ပေါ်လာခဲ့တာဖြစ်ပြီး သူ့ရဲ့နှစ်ရက်ကြာ ခရီးစဉ်ကို လာမယ့် တနင်္လာနေ့မှာ စတင်မှာဖြစ်ပါတယ်။

ဒါဟာ ယူကရိန်းကို ရုရှားကကျုးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ဝန်ကြီးချုပ်မိုဒီရဲ့ ပထမဆုံး ရုရှားခရီးစဉ်လည်းဖြစ်ပါတယ်။ အိန္ဒိယဟာ ကာကွယ်ရေးဆိုင်ရာလိုမျိုး ကိစ္စတွေမှာ ရုရှားရဲ့ ကာလရှည်ကြာ မိတ်ဖက်လည်းဖြစ်ပါတယ်။

ယူကရိန်းကနေ ရုရှားတပ်တွေ ချက်ချင်းရုပ်သိမ်းရေး တောင်းဆိုတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း အိန္ဒိယနိုင်ငံက ကြိမ်ဖန်များစွာ ကြားနေရပ်တည်မဲပေးခဲ့ပါတယ်။ ကုန်သွယ်ရေးပိုင်းမှာတော့ အိန္ဒိယဟာ ရုရှားနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်လာကာ ရေနံတင်သွင်းမှုမှာပါ တိုးပွားလာခဲ့ပါတယ်။

ဆွေးနွေးပွဲဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်နိုင်မှာဖြစ်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာအရေးတို့ကို နှစ်ဘက်ဆွေးနွေးသွားမယ်လို့ ရုရှားသမ္မတနန်းတော်ကထုတ်ပြန်ထားပြီး နောက်အုပ်စုနဲ့တင်းမာနေစဉ်မှာ ရုရှားအနေနဲ့ အိန္ဒိယနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

Ref:NHK
Photo:Sputnik

#Voiceofmyanmar #VOM #အိန္ဒိယ #ရုရှား #မိုဒီ #ပူတင် #ဆွေးနွေးမယ်

Related posts

Leave a Comment

VOM News

FREE
VIEW