ဆားလင်းကြီးရှိ ကျေးရွာပေါင်း ၅၀ ကျော် ရေနစ်မြုပ်နေပြီး သောင်းနဲ့ချီတဲ့ ဘေးလွတ်ရာကို ပြောင်းရွှေ့နေရ

 

ဇူလိုင် ၁၄ – ၂၀၂၄
SN (VOM)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၅၀ ကျော် ရေနစ်မြုပ်နေပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ ဘေးလွတ်ရာကို ကုန်းမြင့်နေရာတွေဆီ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်း တာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကစလို့ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတွေအတွင်း ချင်းတွင်းမြစ်ရေ ဝင်ရောက်ခဲ့တာဖြစ်ပြီး အဲဒီ့မြို့နယ်ထဲက ညောင်ပင်ကြီး၊ ကူးတို့ကုန်း၊ ပလောင်၊ ရွှေလှေ၊ ရွာသစ်ကုန်း၊ အေးကုန်း၊ ထနောင်းကုန်း၊ ထန်းတောကြီး၊ ထန်းတော၊ သာယာကုန်း၊ တောင်ပလူ အပါအဝင် ကျေးရွာပေါင်း ၅၀ ကျော်မှာ ရေဝင်ရောက်နေတာလို့ သူက ပြောပါတယ်။

“ရေဝင်တာတွေက မြစ်ကမ်းဘေး နီးတဲ့ရွာတွေက တောက်လျှောက်ဝင်တာပါပဲ။ တရွာမှ လွတ်တယ်လို့မရှိဘူး။ ရေကြီးတာကလည်း အရမ်းမြန်တယ်။ တရက်ကို ရေက ၁ ပေလောက် တက်နေတော့တာ။ အခုထက်ထိလည်း ရေက အကုန်ကျသွားတယ်ရယ်လို့ မရှိပါဘူး” လို့ သူက ပြောပါတယ်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ဇူလိုင် ၁၄ ရက်မှာ ထုတ်ပြန်တဲ့ နေ့စဉ် မြစ်ရေခန့်မှန်းချက်မှာ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေဟာ လက်ရှိမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေဆဲဖြစ်ပြီး ရေကြီး၊ ရေလျှံမှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ ဇွန်လ ၂ ရက်ကနေ ဒီကနေ့အထိ မြစ်ရေဟာ စိုးရိမ်ရေမှတ်အောက် မကျသေးဘူးလို့ အသိပေးထားပါတယ်။

ဒါအပြင် ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်နေတဲ့ ကျေးရွာတွေလည်း ထပ်တိုးလာနေပြီး ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေဟာ မြို့ပေါင်း ၂၂ မြို့နယ်မှာ ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ မိုး/ဇလက ထုတ်ပြန်ထားပါတယ်။

“ရေတိုးနေတာတွေကတော့ မရပ်သေးဘူး။ အခုလည်း ချင်းတွင်းမြစ်ကမ်းနံဘေး၊ ထန်းတောကြီးရွာရဲ့ မြောက်ဘက်မှာရှိတဲ့ ဆည်တခုကလည်း ရေလျှံပြီး ဆည်ဘောင်ကျိုးသွားလို့ ရေကြီးတဲ့ ကျေးရွာတွေ ထပ်တိုးလာတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒါအပြင် မြစ်ရေဝင်မှုကြောင့် ဆားလင်းကြီးမြို့ရှိ ကျေးရွာ စုစုပေါင်း ကိုးရွာက ကွမ်းခြံတွေ ရာနဲ့ချီ ရေမြုပ်ပျက်စီးကုန်ပြီး မြစ်ကမ်းဘေးမှာရှိတဲ့ မတ်ပဲစိုက်ခင်းတွေနဲ့ တခြားသော ကျေးရွာဒေသတွေမှာရှိတဲ့ အသီးအနှံစိုက်ခင်းတွေပါ ရေမြုပ်ပျက်စီးကုန်လို့ ဆုံးရှုံးမှုတွေ ဆက်တိုက် ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိအချိန်မှာ ရေကြီးနေတဲ့ ကျေးရွာတွေအတွင်း ဝမ်းရောဂါဖြစ်ပွားမှု မရှိသေးပေမယ့်လည်း သန့်ရှင်းတဲ့ရေ ရရှိမှုနည်းပါးနေတာကြောင့် ရေသန့်နဲ့ ဓာတ်ဆား ကြိုတင် စုဆောင်းထားမှုတွေ ပြုလုပ်နေသလို မြွေဆိပ်ဖြေဆေးတွေလည်း လိုအပ်လျက်ရှိတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

#voiceofmyanmar #VOM #ဆားလင်းကြီး #ရေဘေး #ကျေးရွာပေါင်း #၅၀ကျော် #ရေနစ်မြုပ်

Related posts

Leave a Comment

VOM News

FREE
VIEW