ဒီဇင်ဘာ ၂၄- ၂၀၂၄
GG (VOM)
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကာစီနို လောင်းကစားရုံတွေရှိတဲ့ ရွှေကုက္ကိုလ်မှာ ဝမ်းရောဂါကူးစက်မှုမြင့်နေတာကြောင့်မြဝတီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြဝတီမြို့တွင်းပြည်သူတွေ ဝမ်းရောဂါကူးစက်မှုမရှိစေရေးရပ်ကွက်တွေအထိ ကျန်းမာရေး ဆိုင်ရာသတိပေးချက်တွေကိုလိုက်လံသတိပေးနေတယ်လို့သိရပါတယ်။
” ဒီနေ့ မြို့မှာဆောင်ရန်ရှောင်ရန်တွေ လိုက်အသိပေးနေတယ်။ရပ်ကွက်အလိုက်ပါအသိပေးတာတွေလုပ်တယ်။ယင်နားစားတွေမစားဖို့၊အိမ်သာကထွက်တိုင်းလက်ကိုဆပ်ပြာနဲ့ဆေးဖို့ပေါ့။အစားမစားမီလက်ကိုဆေးဖို့ အစားအစာ တွေယင်မနားအောင်နဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင်နီးစပ်ရာကျန်းမာရေးဌာနကိုပြသဖို့ လိုက်ပြီးသတိပေးတာပါ။ရွှေကုက္ကိုလ်မှာ တော်တော်ဖြစ်နေတော့ သတိလိုက်ပေးတဲ့သဘောပါ။” လို့မြဝတီမြို့ခံကပြောပါတယ်။
ရွှေကုက္ကိုလ်မြို့မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုမြင့်တက်နေပြီး လက်ရှိမှာရောဂါကူးစက်သူ ၂၀၀ လောက်ရှိပြီး သေဆုံးသူတွေလည်းရှိလာနေတာကြောင့် ဝမ်းရောဂါ မြဝတီမြို့ကိုကူးစက်မှုရှိမလာစေရေးအတွက် ဆောင်ရန်ရှောင်ရန်တွေကို သတိပေးမှုပြုလုပ်လာတာဖြစ်တယ်လို့သိရပါတယ်။
“ရွှေကုက္ကိုလ်မှာက ဝမ်းရောဂါဖြစ်နေတာ လူတော်တော်များတယ်။လူ ၂၀၀ လောက်ရောဂါ ဖြစ်နေပြီး နှစ်ယောက်သေတယ် သိရတယ်။သူတို့ဘက်က သတင်းမထုတ်တော့အတိကျမသိရသေးဘူးပေါ့။အဲဒီဘက်ကဖြစ်ရင်ထိုင်းဘက်ကိုသွားကုတယ်။ မြဝတီမြို့ပေါ်မှာတော့ ကူးစက်မှုသိပ်မတွေ့ရသေးဘူး။နယ်စပ်က ကာစီနိုရုံတွေမှာတော့ဝမ်းရောဂါတွေဖြစ်နေတယ်။အဲဒီဘက်ကကာစီနိုရုံတွေက သူတို့ဆီမှာဆရာဝန်တွေငှားထားတယ်။ခုတော့ ဆေးဖြန်းတာတွေလုပ်ဖို့ဆိုပြီးဆက်သွယ်လာတာလည်းရှိတယ်။ခုသိရသလောက်ကာစီနိုရုံတွေမှာဖြစ်နေတယ်။သေဆုံးသူနှစ်ယောက်ရှိတယ်။” လို့ ဒေသခံကပြောပါတယ်။
လက်ရှိမှာတော့ ရွှေကုက္ကိုလ်မြို့အတွင်းဖြစ်ပွားနေတဲ့ ဝမ်းရောဂါကူးစက်ခံရသူတွေကိုကုသဖို့အတွက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာ အရေးပေါ် ကုသရေးဌာန ကို ဖွင့်လှစ်ထားကြောင်း ထိုင်းသတင်းတွေဖော်ပြချက်နဲ့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။
ထိုင်းသတင်းဖော်ပြချက်တွေအရတော့ ရွှေကုက္ကိုလ်မှာ ဖြစ်ပွားနေတာက နိုရိုဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံနေရတာဖြစ်ကြောင်း၊လူ၃၀၀ လောက်ဖြစ်ပွားနေပြီးသုံးယောက်သေဆုံးတယ်ဆိုပြီး ဖော်ပြထားပါတယ်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာတွေက အရည်ဝမ်းများစွာသွားခြင်း၊ ငါးညှီနံ့နံတဲ့ ဆန်ဆေးရည်ကဲ့သို့ ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ ခံတွင်း၊ နှုတ်ခမ်းနဲ့ လျှာတွေ ခြောက်သွေ့ခြင်း၊ သတိလစ်ခြင်း၊ ကြွက်တက်ခြင်း တို့ဖြစ်နိုင်တယ်လို့သိရပါတယ်။
ရောဂါလက္ခဏာဆိုးရွားပါက အသက်အန္တရာယ် ဆုံးရှုံးနိုင်တဲ့အထိဖြစ်ပွားနိုင်တယ်လို့သိရပါတယ်။
ဒါကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ဖို့ရာ ယင်နားတဲ့အစားအစာကို ရှောင်ခြင်း၊လက်ကိုမကြာခဏဆပ်ပြာနဲ့ဆေးခြင်း၊ရေကိုကြိုချက်သောက်ခြင်းအပြင် ယင်ပေါက်ဖွားနိုင်တဲ့နေရာတွေကို ရှင်းလင်းခြင်း၊ တကိုယ်ရေသန့်ရှင်းရေးကိုယ်လည်းအထူးဂရုစိုက်ဖို့လိုကြောင်း ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ပါက အိမ်မှာဆေးမြီးတိုတွေ၊စပ်ဆေးတွေနဲ့မကုဘဲ နီးစပ်ရာဆေးရုံဆေးခန်းကို ချက်ခြင်းသွားရောက် ပြသဖို့ လိုအပ်ကြောင်းကျန်းမာရေးဝန်ကြီးဌာနနဲ့ဆရာဝန်တွေက သတိပေးထားပါတယ်။
ဇူလိုင်လတုန်းကလည်း ရန်ကုန်မှာဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူဦးရေထောင်နဲ့ချီရှိခဲ့ပြီး သေဆုံးသူငါးယောက်ထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။