ညောင်ဦးရေဘေး လူသေဆုံးမှုရှိပြီး လူပေါင်း ၄၅၀၀ ကျော်အရေးပေါ် ပြောင်းရွှေ့ပေးထားရ

 

ဇူလိုင် ၁၄ – ၂၀၂၄
GG(VOM)

မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ်မှာ မြစ်ရေတက်လို့ ရပ်ကွက်နဲ့ကျေးရွာ ၁၅ ရွာလောက်မှာရေကြီးနစ်မြုပ်နေလို့ လူပေါင်း ၄၅၀၀ ကျော်ရေဘေး သင့်ဒဏ်ခံရပြီး အမျိုးသားတယောက်သေဆုံးမှုရှိထားတယ် လို့သိရပါတယ်။

” သေဆုံးအမျိုးသားက ပြောရမယ်ဆိုရင်ညနေပိုင်းလောက်ကပျောက်သွားတယ်သိရတယ် ။ အရက်သေစားသောက်စားပြီးရေနစ်ပြီးသေဆုံးတယ်ယူဆရတယ်။မြို့ပေါ်ရပ်ကွက်ကပါပဲ။အခုရေကြီးနေတဲ့ နေရာကနှစ်ထပ်အိမ်တွေကရေအကုန်မမြုပ်ပေမယ့် တထပ်အိမ်တွေကတော့မြုပ်တဲ့အခြေအနေရှိတယ်။ဒီနေ့လည်း ကယ်ဆယ်ရေးတွေလုပ်ရမှာပါ။” လို့ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးရဲမင်းထွန်းကပြောပါတယ်။

လက်ရှိဧရာဝတီမြစ်ရေက စိုးရိမ်ရေအမှတ်အထက် ၅ ပေခွဲခန့် ကျော်လွန်နေတာကြောင့် ဧရာဝတီမြစ်ကမ်းဘေးတလျှောက်က မြေနိမ့်ပိုင်းနေရာရပ်ကွက်တွေ ဖြစ်တဲ့ရပ်ကွက် ၅ ခုနဲ့ ကျေးရွာ ၁၀ ရွာမှာ ရေကြီးနစ်မြုပ်မှုဆိုးရွားတဲ့အတွက် အိမ်ထောင်စု ၁၁၀၈ စု( လူဦးရေ ၄၅၄၂ ယောက်)ကို ယာယီဖွင့်လှစ်ထားတဲ့ ရေဘေးရှောင်စခန်းတွေ မှာပြောင်းရွှေ့ပေးထား ရတာဖြစ်တယ်လို့သိရပါတယ်။

အခြားရေဝင်ရောက်နေတဲ့ရပ်ကွက်နဲ့ ကျေးရွာတွေလည်းရှိပြီး ရေဝင်ရောက်မှုနည်းတာကြောင့် နေအိမ်မှာပဲ နေနေကြတဲ့ဒေသခံတွေလည်းအများအပြားရှိတယ်လို့သိရပါတယ်။

” အခုရွှေ့ပြောင်းပေးထားရတဲ့ အိမ်ထောင်စုတွေကတော့ သွားလာရေးအခက်အခဲနဲ့ ရေနစ်မြုပ်မှုများတဲ့ရပ်ကွက်နဲ့ရွာတွေပေါ့။ကျန်တဲ့နေရာတွေက ရေဝင်ပေမယ့်ဒူးခေါင်းလောက်၊ပေါင်လောက်ဆိုတော့ အိမ်မှာပဲနေကြတယ်။အနိမ့်ပိုင်းတွေက ရေတက်ရင် အမြဲရေဝင်နေကြနေရာဖြစ်ပေမယ့် ခုရေဝင်တာကတော့ပိုများပြီးဆိုးတဲ့အခြေအနေပေါ့ ” လို့ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။

လက်ရှိရေကြီးနစ်မြုပ်မှုဒဏ်ကိုခံနေရတဲ့ ရွာ ၁၀ ရွာက ညောင်ဦးမြို့နယ်အတွင်း ဒီဘက်ခြမ်းကပါသလို မြစ်တဖက်ကမ်းရှိမြစ်ကမ်းဘေးရွာတွေလည်းပါကြောင်း ၊ ရေဘေးရှောင်ပြည်သူတွေကိုတော့ နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာထားရှိသလို အိမ်စောင့်ကျန်ခဲ့သူအပါအဝင်ရေဘေးသင့်သူတွေကို အလှူရှင်တွေကထမင်းထုတ်၊သောက်ရေသန့်တွေ ကူညီပေးနေတာဖြစ်တယ်လို့သိရပါတယ်။

ညောင်ဦးမြို့နယ်မှာရေကြီးနစ်မြုပ်မှုတွေရှိနေပေမယ့် ရှေးဟောင်းအမွေအနှစ်ဇုန်ဖြစ်တဲ့ပုဂံမှာတော့ ရေဝင်ရောက်တာမျိုးမရှိတဲ့အပြင် သွားလာရေးလည်းအဆင်ပြေလို့ ဘုရားဖူးတွေလည်ပတ်နိုင်ကြောင်း ဒေသခံတွေကပြောပါတယ်။

” ပုဂံနဲ့ညောင်ဦးရေဝင်တဲ့နေရာဝေးပါတယ်။မြို့ထဲလမ်းတချို့သွားမရဘူးဆိုပေမယ့် ပုဂံကိုသွားတဲ့လမ်းကတခြားနှစ်လမ်းရှိတယ်။လည်ပတ်ရတာလည်းအဆင်ပြေပါတယ်။ ” လို့ ပြောပါတယ် ။

ညောင်ဦးမြို့နယ်ရဲ့ လက်ရှိဒီနေ့မြစ်ရေအခြေအနေကတော့ စိုးရိမ်ရေမှတ်ထက် ၅ ပေခွဲ ကျော်နေသေးပေမယ့် ရေတော့ထပ်တက်လာတာမရှိဘဲတန့်နေကြောင်း၊ မိုး/ဇလ ဌာနကတော့ နောက်တရက်အတွင်းမှာ ၃ လက်မလောက်ရေကျနိုင်တယ်လို့အသိပေးထားပါတယ်။

#Voiceofmyanmar #vom #ညောင်ဦး #ေရကြီးနစ်မြုပ် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW