စစ်ဆင်ရေး လေးရက် ရပ်ဆိုင်းမယ်လို့ MNDAA ထုတ်ပြန်ပေမယ့် လားရှိုးမှာ ညပိုင်းအထိ တိုက်ပွဲပြင်းထန်

 

ဇူလိုင် ၁၅၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး တဝိုက် စစ်ဆင်ရေး ၄ ရက် ရပ်ဆိုင်းကြောင်း ဇူလိုင်လ ညပိုင်း ၁၁ နာရီ ခွဲ ခန့်အထိ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“အပစ်ခတ် ရပ်မရပ်တော့ မသိဘူး။ တနေကုန် ၅ဝ၇ တပ်ဘက် ကြမ်းနေတာ။ ခဏခဏ စက်သေနက်ကြီးတွေနဲ့ ပစ်လိုက်၊ ခဏနေ မြို့ထဲက ရပ်ကွက်တွေထဲ လက်နက်ကြီးတွေကျလာလိုက်၊ ခဏနေ အုန်း ဒိုင်းနဲ့ RPG တွေနဲ့ထုလိုက်နဲ့ ဘယ်ဘက် ပစ်လို့ ပစ်မှန်းလည်း မသိဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။

MNDAA ဘက်ကတော့ တရုတ်နိုင်ငံမှာ တရုတ်ကွန်မြူနစ်ပါတီ ရဲ့ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ်အစည်းအဝေးကို ဇူလိုင်လ ၁၅ ရက်ကနေ ၁၈ ရက်နေ့အထိ ကျင်းပမှာ ဖြစ်လို့ ဇူလိုင်လ ၁၄ ရက်နေ့ည ၁၂ နာရီ ကနေ ဇူလိုင်လ ၁၈ ရက်နေ့ည ၁၂ နာရီ အထိ လားရှိုးတဝိုက် MNDAA ဘက်က စစ်ဆင်ရေး ရပ်ဆိုင်းသွားမှာ ဖြစ်ပြီး တိုက်ခိုက်ခံရပါက ခုခံ ပိုင်ခွင့် ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

“စစ်ဆင်ရေး ရပ်တယ်ဆိုတာ မယုံရဘူး။ မနေ့က ညဉ့်နက်တဲ့ထိ မြို့ထဲ လက်နက်ကြီးတွေ ပစ်နေတာ။ ရှော့တိုက်ဒုံးတွေလည်း တပ်ထဲလည်း မကျဘူး။ မြို့ထဲ နေအိမ်ပေါ်တွေပဲ ကျနေတာ။ မနေ့ကလည်း ပြည်သူအထိအခိုက်များတယ်။ အတိအကျ သိတာ နှစ် သေတယ်၊ တယောက် ဒဏ်ရာရတယ်။ အိမ်ပြင်မထွက်တော့ တခြားရပ်ကွက်က မသိရဘူး” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့ မနက် ၂ နာရီခွဲ ဝန်းကျင်ခန့်ကလည်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မှာ လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“လောက်ကိုင်မြို့လယ်ကို လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်ခတ်ပြီး ဗုံးလည်း ကြဲသွားတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။

ဇူလိုင်လ ၂ နာရီခွဲ ဝန်းကျင်ခန့်က ပစ်ခတ် ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးကြဲတာကြောင့် အေဆာက်အဦး တခု ပြိုကျ ပျက်စီးသွားကာ အနီးနား ဝန်းကျင်က အဆောက်အဦး တွေလည်း ထိသွားတာ ရှိတယ်လို့ ဆိုပါတယ်။

“ဒီမနက် အစောပိုင်း နစက တပ်ဖွဲ့က လောက်ကိုင်က အထပ်မြင့် တိုက်ကို လေယာဉ်နဲ့ ဗုံးလာကြဲ သွားတယ်။ သုံးကြိမ် ဗုံးကျတယ်။ အဲဒီ အဆောက်အဦးက ပယ်တောက်ချိန် ဆောက်ထားခဲ့တာ။ MNDAA က တရုတ်နိုင်ငံသား သူေဌးတွေကို ရင်းနှီး မြှုပ်နှံ၊ စီးပွားရေး လုပ်ဖို့ ငှားရမ်းထား ပြီးသားလို့ သိရတယ်” လို ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

လောက်ကိုင် တုန်ချိန်ဘက်က ဟွာကြားလီဟွာ ကုမ္ပဏီ အဆောက်အဦး ဖြစ်ပြီး လူအထိအခိုက်တော့ မသိရဘူးလို့ ဆိုပါတယ်။

ဇူလိုင် ၁၃ ရက်နေ့ ည ၉ နာရီ ဝန်းကျင်ခန့်ကလည်း သိန္နီမြို့ အထွက် ကွမ်းလုံ – လားရှိုး လမ်းဆုံ အနီးမှာလည်း လေကြောင်းနဲ့ နှစ် ကြိမ် ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ မနက် အစောပိုင်းမှာလည်း တိုက်ပွဲ ဖြစ်ပွားတာ မရှိပသိန္နီ အမှတ် ၁ အထက် တန်းကျောင်း၊ ပညာရေးရုံး တွေဘက်မှာ လေယာဉ် ဗုံး ၂ လုံး၊ ကွမ်းလုံသွားလမ်းဘက်က တိုးဂိတ် မှာ ၁ လုံး လေကြောင်းနဲ့ ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။

နစက တပ်ဖွဲ့နဲ့ နီးစပ်သူတွေကတော့ လက်နက်ကိုင်တွေ စုဖွဲ့နေထိုင်ကြောင်း သိရလို့ ဗုံးကြဲ ရှင်းလင်းရတာ ဖြစ်ကြောင်း လူမှုကွန်ယက်တွေမှာ ရေးသားထားကြပါတယ်။

ဇူလိုင်လ ၃ ရက်ကနေ ဇူလိုင်လ ၁၄ ရက်နေ့ အထိ MNDAA ပူးပေါင်း တပ်ဖွဲ့နဲ့ နစက တပ်ဖွဲ့ တို့အကြား နှစ်ဘက်တိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်ကာ လားရှိုး ဒေသခံ အရပ်သားပြည်သူတွေ ဆယ်ချီ သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရတဲ့အပြင် နေအိမ်၊ အတောက်အဦး အများအပြားလည်း ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

Photo Crd# ဒေသခံ

#voiceofmyanmar #VOM #လားရှိုး #တိုက်ပွဲ #ပြင်းထန်နေ

Related posts

Leave a Comment

VOM News

FREE
VIEW