စစ်ဆင်ရေး လေးရက် ရပ်ဆိုင်းကြောင်း MNDAA ဘက်က ထုတ်ပြန်ထားပေမယ့် လားရှိုးမှာ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ

 

ဇူလိုင် ၁၆၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမှာ လေးရက်ကြာ စစ်ဆင်ရေးရပ်ဆိုင်းကြောင်း MNDAA ဘက်က ထုတ်ပြန်ထားပေမယ့် ဇူလိုင်လ ၁၅ ရက်နေ့မှာလည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“အပစ်ရပ်တယ်တော့ ကြားတယ်။ ဒါပေမယ့် မနေ့က နေ့ခင်းပိုင်း နစက တပ်ဘက်က မြို့ပြင်ဘက် လက်နက်ကြီး နည်းနည်း ပစ်လိုက်တယ်။ အပြင်ဘက်က MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေလည်း မြို့ထဲကို ပစ်ထည့်လာတယ်။ ညနေပိုင်းတော့ ပြန်ငြိမ်သွားတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

လားရှိုးမြို့ကနေ မြို့ပြင် ထွက်သွားတဲ့ ဒေသခံပြည်သူကိုတော့ လက်ရှိအထိ မြို့ထဲ ဝင်ခွင့် မပြုဘူးလို့ သူက ပြောပါတယ်။

“လက်နက်ကြီးက ပစ်နေတာပဲ။ မြို့ထဲကျချင်တဲ့ နေရာကျနေတာ။ လက်နက်ကြီးသံတေွလည်း ကြားနေရတာပဲ။ နေရတာတော့ ကြောက်တာပေါ့။ ရင်တထိတ်ထိတ်နဲ့။ ဒါပေမယ့် စစ်ရှောင်ဖို့ လည်း အဆင်မပြေဘူးလေ။ ဖြစ်လာရင်လည်း ကံတရားပဲ” လို့ နောက်ထပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

တချို့ သက်ကြီးပိုင်း ရှိတဲ့ မိသားစုတွေ၊ နာမကျန်း သူရှိတဲ့ မိသားစုတွေ၊ လမ်းစရိတ် နဲ့ ငွေကြေး မတတ်နိုင်တဲ့ သူတွေက တိုက်ပွဲ မရှောင်နိုင်ကြဘူးလို့ သူက ပြောပါတယ်။

စစ်ရှောင်သွားတဲ့နေအိမ်တွေ အများစု အဖောက်ခံရပြီး လိုက် ခိုးနေတဲ့ သူတွေက ခွေးဘီလူးကား၊ သုံးဘီးတွေနဲ့ အိမ်ဖောက် ပစ္စည်းသယ်နေတာ လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

“ကျနော့် အသိအိမ်အဖောက်ခံ ရလို့ အကူညီတောင်းလို့ သွားကြည့်ဖို့သွားတာ စစ်သားတွေက မသွားခိုင်းဘူး။ သူတို့ ကင်း လှည့်ပေးနေတယ်တဲ့။ သူတို့ ကင်းလှည့်ပေးတယ်သာပြောတာ အိမ်တေွတော်တော် များများ အဖောက်ခံနေရပြီလေ။ သူခိုးတွေကျတော့ ဖြတ်သွားခိုင်းတယ်။ အိမ်သွားကြည့်မယ့်သူကျတော့ မသွားခိုင်းဘူး” လို့ သူက ပြောပါတယ်။

ယမန်နေ့ည ၈ နာရီကျော်ခန့်က နားမခေါ်လမ်းသွယ် ၄ ဘက် လက်နက်ကြီးစ ထိမှန်ကာ ၅ နှစ်အရွယ် ကလေးတယောက် ဗိုက်ပွင့် သေဆုံးသွားပြီး လူကြီး တယောက် ကျောထိမှန် ဒဏ်ရာရခဲ့ကြောင်း ပေးသောလက်လူမှုကူညီရေးအသင်းက ထုတ်ထားတဲ့ မှတ်တမ်း အချက်အလက်တွေအရ သိရပါတယ်။

မယ်ဟန် ဗျူဟာကုန်းကိုတော့ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းလိုက်တာဖြစ်ပြီး စစ်သည်အချို့ သုံ့ပန်းဖြစ်သွားကာ အချို့ကတော့ လွတ်မြောက်တယ်လို့ နစက တပ်ဖွဲ့နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

ယမန်နေ့က ရပ်ကွက် တခုမှာ ဘက်က MNDAA အလံထောင်ထားတဲ့ နေရာကိုလည်း နစက တပ်ဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး အထက်မန်အိုင်၊ ၅၀၇ လွယ်ပြေတောင်တွေမှာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၁၄ ရက်ည ၁၂ နာရီကနေ ဇူလိုင်လ ၁၈ ရက်နေ့ည ၁၂ နာရီအထိ ၄ ရက်ကြာ စစ်ဆင်ရေး ရပ်ဆိုင်းကြောင်း MNDAA ဘက်က တရုတ်စာနဲ့ အသိပေးထုတ်ပြန်ထားပြီး TNLA ဘက်က တအာင်း (ပလောင်စာ) နဲ့ အသိပေး ထုတ်ပြန်ထားကာ စစ်ဆင်ရေး ရပ်ဆိုင်းထားပေမယ့် တိုက်ခိုက်လာရင် ပြန်လည် ခုခံသွားမှာ ဖြစ်ကြောင်း ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့ကလည်း နှစ်ဖက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိခုက် သေဆုံးသူ၊ ဒဏ်ရာရာသူ၊ နေအိမ် ပျက်စီးတာတွေရှိပြီး လားရှိုးမြို့ပြင် မယ်ဟန်ဘက် လက်နက်ကြီးကျလို့ ဒေသခံ အရပ်သားပြည်သူ အသက်ကြီးပိုင်း အမျိုးသား တယောက် ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။

Photo Crd# ဒေသခံ

#voiceofmyanmar #VOM #လားရှိုးမှာ #တိုက်ပွဲ #ဆက်လက်ဖြစ်ပွား

Related posts

Leave a Comment

VOM News

FREE
VIEW