ဘင်္ဂလားဒေရှ်မှာ စစ်မှုထမ်းဟောင်း သားသမီးတွေကို အလုပ်အကိုင်ခွဲတမ်းပေးမှု တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြ

 

ဒါကာ ၊ ဇူလိုင်-၁၆-၂၀၂၄
မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာအနီးရှိ အစိုးရတက္ကသိုလ်တခုမှာ အစိုးရလိုလားတဲ့ ကျောင်းသားတွေနဲ့ ဆန္ဒပြကျောင်းသားတွေအကြား ပဋိပက္ခများအတွင်း ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ နံပါတ်တုတ်တွေနဲ့ ဖြိုခွင်းခဲ့ရပြီး ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြကျောင်းသားတွေက ပြောပါတယ်။

ဒီနေ့မနက်အစောပိုင်းက ဒါကမြို့ပြင် ဆာဗာအရပ်မှာရှိတဲ့ Jahangir Nagar တက္ကသိုလ်မှာ အကြမ်းဖက်ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး နိုင်ငံလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်ပြန်တွေရဲ့ မိသားစုဝင်တွေကို အစိုးရအလုပ်ခွဲတမ်းသတ်မှတ်ထားတာကို အဆုံးသတ်ဖို့ ဆန္ဒပြကျောင်းသားတွေက တောင်းဆိုနေကြပါတယ်။

အစိုးရအလုပ်ခွဲတမ်းစနစ်မှာ အမျိုးသမီးတွေ၊ မသန်စွမ်းတွေနဲ့တိုင်းရင်းသား လူနည်းစုအတွက်လည်း ပါဝင်ပါတယ်။ ဒီစနစ်ကို ၂၀၁၈ ခုနှစ်မှာ အဆုံးသတ်ခဲ့ပြီး အဲဒီအချိန်က အခုလိဆန္ဒပြမှုတွေကို အဆုံးသတ်စေခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ် အထက်တရားရုံးရဲ့ ပြီးခဲ့တဲ့လက ဆုံးဖြတ်ချက်တခုမှာတော့ စစ်မှုထမ်းဟောင်းတွေရဲ့ သားစဉ်မြေးဆက်အတွက် အစိုးရအလုပ်ခွဲတမ်း ၃၀ ရာခိုင်နှုန်းပေးဖို့ တောင်းဆိုထားပါတယ်။ ဆန္ဒပြကျောင်းသားတွေကတော့ မသန်စွမ်း၊ အမျိုးသမီးနဲ့ တိုင်းရင်းသားတွေအတွက် ခွဲတမ်း ၆ ရာခိုင်နှုန်းကို ထောက်ခံပေမယ့် စစ်မှုထမ်းဟေား သားစဉ်မြေးဆက်အတွက် အလုပ်ကိုတော့ ကန့်ကွက်နေကြပါတယ်။

တရားရုံးချုပ်ကတော့ အထက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လေးပတ်ကြာ ဆိုင်းငံ့ထားပြီး ကျောင်းသားတွေကို စာသင်ခန်းတွေဆီ ပြန်သွားဖို့ တောင်းဆိုထားပါတယ်။ ဒီကိစ္စကို လေးပတ်အကြာမှာ ဆုံးဖြတ်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ပြောပါတယ်။

Ref:AP
Photo:AP

#Voiceofmyanmar #VOM #ဘင်္ဂလားဒေ့ရှ် #အလုပ်ခွဲတမ်း #ကျောင်းသားဆန္ဒပြ #ရဲတပ်ဖွဲ့ #ဖြိုခွင်း

Related posts

Leave a Comment

VOM News

FREE
VIEW