မဟာမြိုင်လမ်းမှာ ပိတ်မိနေတဲ့ ကားသမား ၁၃ ယောက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့ ယာယီထိန်းသိမ်းထား

 

ဇူလိုင် ၁၆ – ၂၀၂၄
GG (VOM)

စစ်ကိုင်းတိုင်း၊ ကလေးဝ – ရေဦးကြား မဟာမြိုင်ကာလမ်းမှာ ပိတ်မိနေတဲ့ ကားသမားတွေနဲ့ နယ်မြေခံ PDF တပ်ဖွဲ့ဝင်တွေ ပြဿနာတက်မှုဖြစ်ပွားပြီး ကားသမား ဆယ်ယောက်ကျော်ကို PDF တွေဘက်က ယာယီ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

မဟာမြိုင်ကားလမ်းမှာ ဆီဘောက်ဆာကားတွေအပါအဝင် ကုန်တင်ကားအစီးရေ ရာနဲ့ချီပိတ်မိနေတာ တလကျော်ကြာမြင့်လာတဲ့အတွက် ကားသမားတွေက လမ်းဖွင့်ပေးဖို့ပြောဆိုပြီး PDF တွေတားထားတဲ့စည်းကိုကျော်ကာ ကာယသမားအချို့က ကားမောင်းလာတာကြောင့် pdf တွေက ကားကိုသေနတ်နဲ့ပစ်ဖောက်တားဆီးခဲ့ရာမှာ ကားသမားတွေနဲ့ PDF တွေအကြားပြဿနာတက်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာကားသမားတွေနဲ့ PDF တွေအကြားခိုက်ရန်ဖြစ်ပွားတဲ့အခြေအနေအထိ ရှိခဲ့ပြီးရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း ၊ ပြဿနာဖြစ်ပွားမှုအတွက် ကား သမားတွေထဲက ၁၃ ယောက်ကို PDF တွေကဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” ကားလမ်းကပိတ်တာကြာတော့ အကုန်လုံးအဆင်မပြေတော့ ကားသမားတွေက အထက်လူကြီးနဲ့တွေ့ပေးပါ။ ညှိချင်ပါတယ်ပြောကြတာ ။ဒါကို ပေးမတွေ့ဘူး။ဒီတော့ ကားသမားတွေက သူတို့သွားလို့ ဘာပြဿနာပဲဖြစ်ဖြစ် သူတို့ဘာသာသူတို့ခံပါ့မယ် ။PDFအဖွဲ့ တာဝန်ယူစရာမလိုပါဘူးဆိုပြီး ပြောတာကိုလည်း လက်မခံတော့ အဲဒီမှာ စကားများကြရင်းကနေ ရိုက်မယ်၊ချမယ်တွေဖြစ်ကြတော့ သူတို့ဘက်က ကားကို သေနတ်နှစ်ချက်ပစ်တယ်။ကားဘီးပေါက်တယ်။တိုင်ကီပေါက်သွားတယ်။နောက်တော့ သူတို့လူတွေရောက်လာ ပြီးတော့ကားသမားတွေကိုဖမ်းသွားတယ်။ပြန်မလွှတ်သေးဘူး ။လမ်းလည်းပိတ်ထားတုန်းပဲ။ ” လို့ မဟာမြိုင်လမ်းမှာပိတ်မိနေတဲ့ကုန်းကားပိုင်ရှင်တယောက်ကပြောပါတယ်။

PDF တွေဘက်ကလည်း ကားကိုသေနတ်နဲ့ပစ်တာမှန်ကြောင်း၊ကားသမားအချို့ကိုဖမ်းဆီးထားတာမှန်ကြောင်းနဲ့ ပြဿနာတက်ရတဲ့အကြောင်းကို မနေ့ကဇူလိုင်လ ၁၅ ရက်မှာ ကလေးဝ PDF ဘက်က ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဇူလိုင်လ ၈ရက်နေ့မနက်ပိုင်းမှာ ကုန်တင်ကား အစီး၈၀ခန့်ဟာ တားမြစ်ထားတဲ့နေရာကို ဖြတ်ကျော်ဝင်ရောက်လာလို့ တာဝန်ရှိPDF က အကြိမ်ကြိမ်ဖြောင်းဖျတားမြစ်ခဲ့ပေမယ့် လက်မခံပဲအတင်းဖြတ်ကျော်ဖို့ကြိုးစားတာကြောင့် ရှေ့ဆုံးကနေ အတင်းမောင်းဝင်လာတဲ့ ကား ဘီးကို သေနတ်နှင့်ပစ်ခတ်တားဆီးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားမှုအရသိရပါတယ်။

အဲဒီလို ပစ်ခတ်မှုဖြစ်ပြီးနောက် ကားသမား ၆၀ခန့်က သစ်သားတုတ် ၊သံတုတ်တွေနဲ့ PDF တဦးကိုဝိုင်းဝန်း ရိုက်နက်ထိုးကြိတ်ခဲ့ပေမယ့် PDF တွေဘက်က ပြန်လည်ရိုက်နှက်တာမျိုးမရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

အဲဒီနောက်မှာ ကားသမားအဖွဲ့တွေ ထဲမှ ဦးဆောင်သူ ၁၃ဦးကို တိုက်ပွဲကာလ မြေပြင်ကန့်သတ် တားမြစ်ချက်ကိုချိုးဖောက်မှု၊ ပြည်သူ့လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ကို ရိုက်နက် ထိုးကြိတ် ဆဲဆို အကြမ်းဖက်မှုတွေနဲ့ ယာယီဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ဖော်ထားပါတယ်။

ရေဦး-ကလေးဝ ကားလမ်းပေါ်ရှိ ကလေးဝမြို့နယ်(မဟာမြိုင်ဒေသ) အောင်ချမ်းသာစစ်တပ် စခန်းကို PDF တွေကတိုက်ခိုက်နေတာကြောင့် တိုက်ပွဲဖြစ်ပွားနေလို့ စစ်ရေးလိုအပ်ချက်အရ အောင်ချမ်းသာ စခန်း ရှိရာလမ်းမကြီးနဲ့ ကွင်းရှောင်လမ်းတွေကို တိုက်ပွဲဒေသအဖြစ်သတ်မှတ်ပြီး အဲဒီနေရာကနေ စိတ်ချရတဲ့အကွာအဝေးဖြစ်တဲ့ ပျဥ်းကိုင်းရွာနဲ့ ၃မိုင်ခန့်အကွာမှာ ကားေတွကို ယာယီတားမြစ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။

ရေဦး-ကလေးဝ ကားလမ်း (ကလေးဝမြို့နယ်၊မဟာမြိုင်ဒေသ) ကို လက်ရှိအထိလည်း ပိတ်ထားတယ်လို့ တဆက်တည်းအသိပေးထားပါတယ်။

လက်ရှိ ေရဦး – ကလေးဝ မဟာမြိုင်ကားလမ်းမှာ ဆီဘောက်ဆာကား ၊ ကုန်ကားတွေအပါအဝင် ကားအစီးရေ ၂၀၀ ကျော်လောက်အထိပိတ်မိနေတာဖြစ်ပြီး ဇွန်လဆန်းလောက်ကတည်းက ကားလမ်းပိတ်နေတာခုချိန်ထိဖြစ်တယ်လို့သိရပါတယ်။

#Voiceofmyanmar #vom #ရေဦး #ကလေးဝ #မဟာမြိုင်လမ်း #ကားသမား #pdf

Related posts

Leave a Comment

VOM News

FREE
VIEW