မြဝတီမှာ ကားရောင်းသွားတဲ့ ဇနီးမောင်နှံ ကားနဲ့အတူ ပျောက်ဆုံးနေ

 

ဇူလိုင် ၁၆ – ၂၀၂၄
SN (VOM)

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ကားပွဲစား ဇနီးမောင်နှံ နှစ်ယောက် ပျောက်ဆုံးနေပြီး အဆက်အသွယ် ပြတ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အဲဒီ ဇနီးမောင်နှံနှစ်ယောက်ဟာ မနေ့ ဇူလိုင် ၁၅ ရက်၊ မနက် ၈ နာရီဝန်းကျင်က X-Trail အမျိုးအစား ကားကိုရောင်းဖို့အတွက် အဲဒီကားနဲ့အတူ နေအိမ်ကနေ ထွက်သွားတာဖြစ်ပြီး ဒီကနေ့ ဇူလိုင် ၁၆ ရက်၊ မနက်ပိုင်းအထိ အိမ်ပြန်မရောက်သေးဘဲ အဆက်အသွယ်ပြတ်နေတာလို့ မိသားစုဝင်တွေက ပြောပါတယ်။

“အမျိုးသားက ရောင်းမယ့်ကားကိုမောင်းတယ်။ သူ့အမျိုးသမီးကတော့ ဆိုင်ကယ်မောင်းပြီး လိုက်သွားတာ။ ကားရောင်းပြီးရင် ဆိုင်ကယ်နဲ့ပြန်လာကြဖို့ပေါ့။ ‌ဝယ်မယ့်သူက ကော့ကရိတ်ကလို့ သိရတယ်။ အရောင်းအဝယ်ကိုတော့ မြဝတီမှာပဲ လုပ်ဖို့ချိန်းတာပါ။ ဇူလိုင် ၁၄ ရက်နေ့မှာ ကားဝယ်မယ့်သူက K-Pay ကနေ စရံ သိန်း ၂၀ လွှဲထားတယ်။ ၁၅ ရက်နေ့ကျမှ ငွေအပြည့်အစုံနဲ့ ကားနဲ့ ချိန်းတာပေါ့။ မြဝတီ ဘယ်နေရာမှာ ချိန်းကြတယ်ဆိုတာတော့ ကာယကံရှင်တွေကလွဲလို့ ဘယ်သူမှ မသိကြဘူး။ ကားရောင်းမယ့်နေ့ကျတော့ မနက် ၈ နာရီထိုး သူတို့ကလေးတွေ ကျောင်းသွားပို့ရင်းနဲ့ ကားအရောင်းအတွက် ဆုံမှတ်နေရာကို သွားကြတာ။ အဲဒီအချိန်ကနေစပြီး အဆက်အသွယ်မရတော့တာ” လို့ မိသားစုဝင်တယောက်က ပြောပါတယ်။

လက်ရှိမှာ ဇနီးမောင်နှံနှစ်ယောက်နဲ့အတူ X-Trail အမျိုးအစား (အနက်ရောင်) ကားတစီးအပြင် ဆိုင်ကယ် Click (ဖြူ/နီ) တစီးလည်း ပျောက်ဆုံးနေတာဖြစ်ပြီး သူတို့နဲ့အတူ လက်ကိုင်ဖုန်း လေးလုံးလည်းပါသွားတယ်လို့ သိရပါတယ်။

ဒါအပြင် အမျိုးသမီးရဲ့ ကိုယ်ပေါ်မှာ လက်စွပ် ငါးကွင်း၊ ခြေကျင်း တကွင်း၊ လော့ကတ်သီးအပါ ဆွဲကြိုးတကုံး၊ ဟမ်းချိန်းတို့ကို ဝတ်ဆင်ထားပြီး အမျိုးသားဖြစ်သူမှာတော့ လက်စွပ်တကွင်း ဝတ်ဆင်ထားတယ်လို့ သူက ပြောပါတယ်။

“ဖုန်းလေးလုံးမှာ နှစ်လုံးက သူတို့ကလေးတွေရဲ့ လက်ကိုင်ဖုန်းတွေပါ။ အဲဒါတွေအကုန် သူတို့နှစ်ယောက်နဲ့ ပါသွားတာ။ ခုထိတော့ ဘာသတင်းအစအနမှ မရသေးဘူး။ ကျွန်တော် မနေ့က မနက် ၁၁ နာရီလောက်က ဖုန်းဆက်သေးတယ်။ ဖုန်းဝင်တယ်၊ မကိုင်ဘူး။ သူတို့အလုပ်များနေတယ်ပဲထင်တာ။ နေ့လယ် ၁၂ နာရီ တခေါက်ပြန်ခေါ်တယ်၊ မကိုင်ပြန်ဘူး။ ညနေ ကလေးတွေ ကျောင်းလွှတ်၊ ကျူရှင်လွှတ်ချိန်ရောက်မှ အဖေ၊ အမေ လာမကြိုဘူးဆိုတာသိမှ လူပျောက်မှန်းသိတာ။ ညဘက်ကျတော့ ဖုန်းခေါ်တာကိုင်တယ်။ ၁၀ စက္ကန့်လောက်ပဲကြာတယ်၊ ဘာမှမပြောဘဲ ဖုန်းပြန်ချသွားတယ်။ နောက်ကျတော့ ဖုန်းပိတ်သွားတယ်။ ဒီနေ့မနက်ပိုင်းမှာ Facebook အကောင့် မက်ဆင်ဂျာမှာ မီးစိမ်းနေတာတော့တွေ့တယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ လူပျောက်မှုနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက မြဝတီမြို့ရဲစခန်းမှာ အမှုဖွင့်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“ညတုန်းကတော့ ရဲစခန်းမှာတိုင်ထားတယ်။ ဒါပေမယ့် ရဲတွေကတော့ အမှုမဖွင့်သေးဘဲ မနက်လောက်အထိ စောင့်ဖို့တော့ပြောတယ်။ တညပျောက်တာကိုတော့ လူပျောက်မှုလို့ ပြောလို့မရသေးဘူးတဲ့။ မနက်ထိ စောင့်ကြည့်ပြီးတော့မှ အမှုဖွင့်ပါဆိုလို့ ဒီမနက်မှာတော့ အမှုသွားဖွင့်ဖို့ စီစဉ်ထားတယ်” လို့ သူက ပြောပါတယ်။

မြဝတီမြို့ဘက်မှာ နစက က ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး အချိန်ကျော် သွားလာသူတွေကို ပစ်ခတ်ဖမ်းဆီးမယ်လို့ ကြေညာထားပေမယ့် ခါးပိုက်နှိုက်မှု၊ ခိုးမှု၊ ဖောက်ထွင်းမှု၊ လုယက်မှု၊ လူသတ်မှုတွေ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်တယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

#voiceofmyanmar #VOM #မြဝတီမြို့ #ကားပွဲစား #ဇနီးမောင်နှံ #နှစ်ယောက် #ပျောက်ဆုံး #အဆက်အသွယ်ပြတ်

Related posts

Leave a Comment

VOM News

FREE
VIEW