ရခိုင်ဒေသမှာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေမှုက ဒုက္ခသည်အရေး ပိုမိုဆိုးရွားလာနိုင်

ဇူလိုင် ၁၆ – ၂၀၂၄
SN (VOM)

လက်ရှိ ရခိုင်ဒေသမှာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေမှုက ဒုက္ခသည်အရေး ပိုမိုဆိုးရွားလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်နေတာကြောင့် ရခိုင်ဒေသမှာ ကုန်စည် ရှားပါး ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေတာဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှတဆင့် ချင်းပြည်နယ်၊ ပလက်ဝကိုဖြတ်ပြီး ရခိုင်ဒေသကို ကုန်ပစ္စည်းတင်ပို့နေတဲ့ လမ်းကြောင်းကို ဗဟိုလိုင်လူငယ်အဖွဲ့ (Central Young Lai Association – CYLA) က ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်ကစပြီး ပြန်လည် ပိတ်ထားလိုက်တာကြောင့် ဖြစ်ပြီး အခုဆိုရင် ရက်ပေါင်း ၂၀ ကျော် ကြာမြင့်လာနေပြီဖြစ်ပါတယ်။

အခုလို ကုန်စည်စီးဆင်းရာ လမ်းကြောင်းတွေ ပိတ်ခံထားရတာကြောင့် ရခိုင်ပြည်နယ်အတွင်း ကုန်စျေးနှုန်းတွေ မြင့်တက်လာနေသလို အခြေခံစားသုံးကုန်တွေလည်း ရှားပါးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကုန်ပစ္စည်းအဝင်မရှိတော့ ဈေးတွေက နေ့တိုင်းဆိုသလို တက်နေတာ။ အခြေခံ လက်လုပ်လက်စားတွေဆိုရင် လုံးဝ ဝယ်မသုံးနိုင်တဲ့ အနေအထား ဖြစ်လာတယ်။ ရခိုင်မှာက လမ်းကြောင်းတွေအကုန်လုံး ပိတ်ခံထားရတာ‌ဆိုတော့ ပြည်တွင်းက တခြားဒေသတွေနဲ့က ကုန်လမ်းကြောင်းပြတ်နေတယ်။ အိန္ဒိယဘက်က ကုန်စည်အဝင်ရှိနေရင်တော့ နည်းနည်းခံသာသေးတယ်။ အခုတော့ လုံးဝ အခြေအနေဆိုးနေတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

အိန္ဒိယမှ ကုန်သွယ်ခွင့်ရရှိစဉ်က လီတာ ၂၀ ဆံ့ စားသုံးဆီ တဘူး ကျပ် နှစ်သိန်းဝန်းကျင် ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကျပ် နှစ်သိန်းခြောက်သောင်းဝန်းကျင်၊ ကြက်သွန်နီ တပိဿာ ကျပ် တသောင်းကျော် ရှိခဲ့ရာမှ လက်ရှိမှာ ကျပ် သုံးသောင်း၊ ကြက်သွန်ဖြူ တပိဿာ ကျပ် နှစ်သောင်းဝန်းကျင် ရှိခဲ့ရာမှ လက်ရှိမှာ ကျပ် ငါးသောင်းနီးပါး ဈေးမြင့်တက်နေတယ်လို့ သူက ပြောပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ဇွန်လက ကျပ် တသောင်းခုနစ်ထောင်၊ တသောင်းကိုးထောင်ဝန်းကျင် ရှိခဲ့တဲ့ ကော်ဖီ တပါကင်ဈေးဟာလည်း အခု ဇူလိုင်လမှာတော့ ကျပ် နှစ်သောင်းသုံးထောင်၊ နှစ်သောင်းခွဲဈေး ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ပိုက်ဆံ လက်ထဲရှိရင်တောင် ဝယ်ဖို့ခက်တဲ့ဈေးတွေပေါ့။ ဒီ့ထက် ထပ်တက်လာမယ်၊ ပစ္စည်းပြတ်လာမယ်ဆိုရင် ဘယ်လို စားသောက်ကြရမလဲ မတွေးရဲစရာဘဲ။ ကုန်သွယ်ရေးလမ်းကြောင်းကလည်း ပြန်ဖွင့်မယ့်အရိပ်‌အယောင်တောင် မတွေ့ရသေးဘူး” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိပိတ်ထားတဲ့ မီဇိုရမ်-ပလက်ဝ-ရခိုင် ကုန်သွယ်မှုလမ်းကြောင်းဟာ တရားဝင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတခုမဟုတ်ဘဲ ကုန်သည်တွေနဲ့ သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်တာဝန်ရှိသူတွေကြား နားလည်မှုနဲ့ ဖွင့်လှစ်ထားတဲ့ လမ်းကြောင်းတခု ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဟာ ပုံမှန်အားဖြင့် ပြည်မလို့ခေါ်တဲ့ ရန်ကုန်၊ မန္တလေး၊ မကွေး စတဲ့ ဒေသတွေက အခြေခံစားသောက်ကုန်တွေကို အဓိကအားထားပြီး အသုံးပြုနေရတဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။

ဒါပေမယ့် တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာလ ၁၃ ရက်နေ့က စတင်လို့ ရခိုင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု လမ်းကြောင်းတွေအားလုံးကို နစက က ဒီကနေ့အချိန်အထိ ပိတ်ပင်ထားတာပါ။

ဒါအပြင် ဧရာဝတီတိုင်းမှ အဝင်လမ်းဖြစ်တဲ့ ငါးသိုင်းချောင်း -ဂွလမ်းပေါ်က ရေနံ့သာ စစ်ဆေးရေးဂိတ်မှာလည်း နစကတပ်က ရခိုင်ပြည်နယ်အဝင်ကို မည်သည့် ကုန်ပစ္စည်းမျှ သယ်ယူခွင့်မပြုဘဲ ပိတ်ပင်ထားပါသေးတယ်။

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ဟာ ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ ထိစပ်နေပြီး ငါးသိုင်းချောင်း – ဂွလမ်းနဲ့ ဆက်သွယ်ထားကာ အဲဒီလမ်းဟာ သံတွဲမြို့အထိ ရောက်ရှိပြီး နစကနဲ့ ဌာနဆိုင်ရာပေါင်းစုံ အထိုင်ချထားတဲ့ စစ်ဆေးရေးဂိတ်ဖြစ်တယ်လို့ အဲဒီလမ်းပိုင်း အသုံးပြုသူတွေက ပြောပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်နက်ဖ် ဆိပ်ကမ်းကနေတဆင့် တင်ပို့နေတဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာလည်း ပြီးခဲ့တဲ့ မတ်လကစပြီး ရပ်ဆိုင်းခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီ ကုန်သွယ်ရေးလမ်းကြောင်းကနေ မြန်မာပြည်မှ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်တွေ တင်ပို့နေတာဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ နောက်ပိုင်းမှာတော့ တရက်ကို သင်္ဘော ငါးစင်း၊ ခြောက်စင်းလောက်သာ တင်ပို့နေရာကနေ နောက်ပိုင်းမှာတော့ လုံးဝ ရပ်တန့်သွားခဲ့တာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

#voiceofmyanmar #VOM #အိန္ဒိယကုန်သွယ်ရေး #ရပ်တန့် #ရခိုင်ဒေသ #ကုန်စည်ပြတ်လပ် #ကုန်ဈေးနှုန်း #အဆမတန် #မြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW