ရွှေပြည်သာမှာ ကား လေးစီး ဆင့်တိုက်မှုဖြစ်ပြီး နှစ်ယောက်သေ၊ လေးယောက် ဒဏ်ရာရ

 

ဇူလိုင် ၁၆ – ၂၀၂၄
SN (VOM)

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ မနေ့ ဇူလိုင် ၁၅ ရက်၊ မွန်းလွဲပိုင်းက ကား လေးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးနှစ်ယောက် သေဆုံးကာ လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကနောင် နာရေး/ရှင်ရေး ကူညီမှုအသင်း (အင်းစိန်) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲဒီဖြစ်စဉ်ဟာ ရွှေပြည်သာမြို့နယ်၊ ပုလဲလမ်း၊ ပျော်ဘွယ်မှတ်တိုင်အနီးမှာ မနေ့ မွန်းလွဲပိုင်း ၃ နာရီ ၁၅ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူနှစ်ယောက်မှာ တယောက်က နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပြီး နောက်ထပ် တယောက်ကတော့ ဆေးရုံအရောက်မှာ သေဆုံးခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

“ဒီဖြစ်စဥ်မှာ ဆယ့်နှစ်ဘီးကားကြီးက လမ်းပြောင်းပြန်နဲ့ ဝင်လာပြီးတော့ မျက်နှာချင်းဆိုင်က ဟိုက်ဂျက်ကို တိုက်တယ်။ ပြီးတော့ အာတီကာ တစီးကို တိုက်တယ်။ နောက် တက္ကစီ တစီးပေါ့။ အဲဒါ ဆယ့်နှစ်ဘီးက လမ်းပြောင်းပြန်လာပြီး ကားသုံးစီးကိုဆင့်ပြီး တိုက်သွားတာ။ ဟိုက်ဂျက်ပေါ်မှာ ပါလာတဲ့ အမျိုးသမီးတယောက်ကတော့ ပွဲချင်းပြီး သေတယ်။ လူနာကတော့ ကနဦးမှာ ကလေးနှစ်ယောက်အပါအဝင် စုစုပေါင်း ငါးယောက် ထွက်တယ်။ အင်းစိန်ဆေးရုံရောက်မှ အမျိုးသမီးတယောက် ထပ်သေတယ်။ ကျန်တဲ့သူတွေကတော့ မစိုးရိမ်ရပါဘူး” လို့ သူက ပြောပါတယ်။

သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ကနောင် နာရေး/ရှင်ရေး ကူညီမှုအသင်း (အင်းစိန်) နဲ့အတူ တခြား လူမှုကူညီရေးအသင်းတွေက အင်းစိန်ဆေးရုံကို ကူညီပို့ဆောင်ထားပြီး ကလေးတွေကိုတော့ အင်းစိန်ဆေးရုံကနေ ဟယ်လ်ပင် ကလေးဆေးရုံကို ထပ်လွှဲထားတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကလည်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၃) ရပ်ကွက်၊ ဘေလီတံတားအဆင်းမှာ ကားသုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး အတိုက်ခံရတဲ့ ကားတစီး မီးလောင်ပျက်စီးသွားခဲ့ကာ လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ဒါအပြင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း သာကေတမြို့နယ်၊ ရတနာလမ်းမကြီး၊ လယ်ယာ (၂) လမ်းထိပ်မှာ ကား ငါးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသားလေးယောက် ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ရွှေပြည်သာ #ကားလေးစီး #ဆင့်တိုက်မှု #နှစ်ယောက်သေ #လေးယောက် #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW