ကလေးမြို့ရှိ ဆီဆိုင်တွေမှာ ဓာတ်ဆီပြတ်လပ်နေပြီး တလီတာ ၈၅၀၀ ကျော် ပေးဝယ်နေရ

 

ဇူလိုင် ၁၇ – ၂၀၂၄
SN (VOM)

စစ်ကိုင်းတိုင်း၊ ကလေးမြို့က စက်သုံးဆီဆိုင်တွေမှာ ဓာတ်ဆီ ပြတ်လပ်နေပြီး ဇူလိုင် ၁၅ ရက်နေ့မှစတင်ကာ တလီတာ ၈၅၀၀ ကျော် ပေးဝယ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်လောက်ကတည်းက ကလေးမြို့မှာ စက်သုံးဆီပြတ်လပ်နေတာလို့ သိရပြီး လက်ရှိမှာ အရောင်းဆိုင်ကြီးတချို့လည်း ပိတ်ထားတာကြောင့် ရေသန့်ဘူးနဲ့ လက်လီ ရောင်းချပေးနေတဲ့ လမ်းဘေးဈေးဆိုင်တွေမှာသာ ဝယ်ယူနေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ပြီးခဲ့တဲ့လ အစလောက်ကတည်းက တိုက်ပွဲတွေ ပိုပြီး ပြင်းထန်နေတာကြောင့်ရယ်၊ လမ်းတွေကလည်း မဟာမြိုင်ရော၊ ဂန့်ဂေါရော ပိတ်နေတော့ ပိုဆိုးကုန်တာပေါ့။ လမ်းတွေ ပြန်ဖွင့်ပေးမယ်ဆိုရင်တော့လည်း အနည်းနဲ့အများတော့ အဆင်ပြေမှာပါ။ ဆီက ဂါလံဈေးဆိုရင် တဂါလံ လေးသောင်းကျော်နေပြီ။ တချို့ဆိုင်တွေကျတော့လည်း ဆီကရှိတယ်။ ဒါပေမယ့် မရောင်းချင်ကြဘူး။ ဈေးတင်ချင်ကြတယ်” လို့ သူက ပြောပါတယ်။

ကလေးမြို့အတွင်းက လမ်းဘေးတွေမှာ တနိုင်တပိုင် ရောင်းချပေးနေတဲ့ ဓာတ်ဆီဆိုင်တွေဟာလည်း ဆီရှားပါးနေတာကြောင့် စက်သုံးဆီတွေကို အကန့်အသတ်နဲ့သာ ရောင်းချပေးနေတာဖြစ်ပြီး လိုသလောက် ဝယ်လို့မရဘူးလို့ သူက ပြောပါတယ်။

ဆိုင်ကယ်ကို အဓိကထား သွားလာအသုံးပြုနေရတဲ့ ကလေးမြို့မှာ အခုလို ဓာတ်ဆီပြတ်လပ်မှုကြောင့် သွားရေးလာရေး များစွာ အခက်တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့ကနေ မြန်မာပြည် အောက်ပိုင်းဘက်ကိုသွားတဲ့ ကလေး-ဂန့်‌‌ဂေါလမ်း၊ ကလေးဝ-မဟာမြိုင်လမ်း၊ ကလေးဝ-မင်းကင်းလမ်း၊ ကလေး-ဟားခါးလမ်း စတဲ့ အဓိကလမ်းမကြီး လေးခုရှိပြီး လက်ရှိမှာတော့ မဟာမြိုင်လမ်းကို အဓိက အသုံးပြု‌နေတာဖြစ်ကာ ကလေး-ဂန့်ဂေါလမ်းပိုင်းကတော့ လမ်းကြောပိတ်နေတာ နှစ်နှစ်ကျော်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

#voiceofmyanmar #VOM #ကလေးမြို့ #စက်သုံးဆီဆိုင် #ဓာတ်ဆီ #ပြတ်လပ်

Related posts

Leave a Comment

VOM News

FREE
VIEW