စဉ့်ကူးတိုက်ပွဲအတွင်း အဆိုတော် တသသနဲ့ အချုပ်သားတွေ လွတ်မြောက်လာ

 

ဇူလိုင် ၁၇ – ၂၀၂၄
SN (VOM)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မြို့သိမ်းတိုက်ပွဲအတွင်း အဆိုတော် တသသနဲ့ အချုပ်သားတွေ ပြန်လည် လွတ်မြောက်လာတယ်လို့ အဆိုတော် တသသက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေး ရေးသားထားပါတယ်။

သူမနဲ့အတူ အချုပ်သား အမျိုးသမီး၊ အမျိုးသား ခြောက်ယောက် ပါဝင်ပြီး အချုပ်ခန်းမှ ထွက်ပြေးစဉ် သူမရဲ့ မန်နေဂျာအပါအဝင် အဖွဲ့အစည်းတချို့က လေကြောင်း ပစ်ခတ်နေတဲ့ကြားကနေ အချုပ်ခန်းသော့ကို ရိုက်ဖျက်ပြီး ကယ်တင်ပေးခဲ့တာလို့ သူမက အသိထားပါတယ်။

“ကျွန်မအခု လွတ်လာပါပြီ။ လွတ်လာတယ်ဆိုတာ လွှတ်ပေးတာ မဟုတ်ပါဘူး။ စဉ့်ကူးမှာ တိုက်ပွဲ နှစ်ကြိမ်ဖြစ်တယ်။ ပထမတကြိမ်ဖြစ်တော့ ကျွန်မတို့ကို အချုပ်က ထုတ်ပြီး လက်ထိပ်ခတ်၊ မခေါက်ရွာဘက်မှာ ခုနစ်ရက်ထားတယ်။ လက်ထိပ်နဲ့အတူ အိပ်ခဲ့ရတယ်။ ခုနစ်ရက်မြောက်တဲ့နေ့မှာ စဉ့်ကူးအချုပ်ကို ပြန်ပို့ပါတယ်။ အချုပ်ရောက်လို့ သုံးရက်မြောက်နေ့မှာ တိုက်ပွဲ ပြန်စဖြစ်တယ်။ စဉ့်ကူးရဲစခန်းက ရဲတွေ အကုန် ထွက်ပြေးကြတယ်။ ကျွန်မတို့ အချုပ်သားတွေကို သော့ခတ်ပြီး အကုန် ပစ်ထားခဲ့တယ်။ ထမင်း နှစ်ရက်မစားခဲ့ရဘူး” လို့ အဆိုတော် တသသက အသိပေးထားပါတယ်။

သူမဟာ စဉ့်ကူးအကျဉ်းထောင်ကနေ ဇူလိုင် ၁၅ ရက်နေ့က လွတ်မြောက်လာတာဖြစ်ပြီး ထွက်ပြေးတာမဟုတ်ဘဲ အသက်ဘေးကြောင့်သာ ထွက်လာရတာဖြစ်လို့ သူမကို ဖမ်းချင်ရင် အချိန်မရွေး လာပြန်ဖမ်းနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

အဆိုတော် တသသဟာ ဇွန် ၁၁ ရက်နေ့မှာ အမှုခေါင်းစဥ်ပြောင်းပြီး တရားရင်ဆိုင်နေရတဲ့ ရုံးချိန်းရှိလို့ လက်ပံလှသွားခဲ့ပြီး ရုံးချိန်းအပြီးမှာ စဥ့်ကူးအချုပ်ထဲမှာ ပြန်ဖမ်းခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဟာ ပြီးခဲ့တဲ့ သုံးရက်လောက် စတင်ကာ စဉ့်ကူးမြို့ကို ပိတ်ဆို့ထားခဲ့တာဖြစ်ပြီး ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်မှာတော့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

#voiceofmyanmar #VOM #စဉ့်ကူးမြို့နယ် #မြို့သိမ်းတိုက်ပွဲ #အဆိုတော်တသသ #အချုပ်သားတွေ #လွတ်မြောက်လာ

Related posts

Leave a Comment

VOM News

FREE
VIEW