ရခိုင်မှာ KPay နဲ့ Wave ငွေထုတ်ခ ၂၀ ရာခိုင်နှုန်းအထိ ထပ်မံ မြင့်တက်

 

ဇူလိုင် ၁၇ – ၂၀၂၄
SN (VOM)

လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ KPay , Wave နဲ့ တခြား ငွေထုတ်ခနှုန်းထားတွေ ၂၀ ရာခိုင်နှုန်းအထိ ထပ်မံ မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်ရဲ့ ငွေထုတ်ခနှုန်းထားမှာ နစက က ဘဏ်လုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူခြင်းအပြင် ဘဏ်တွေကနေ ငွေထုတ်ယူမှု ကန့်သတ်ချက်ကြောင့် ရာခိုင်နှုန်း အဆမတန် မြင့်တက်လျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ငွေထုတ်ခနှုန်းထား ၁၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၂၀ ရာခိုင်နှုန်းအထိ ထပ်မံ မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

“တဖြည်းဖြည်း ပိုဆိုးလာပြီ။ တသိန်းထုတ်ရင် နှစ်သောင်းပေးရတယ်။ မတန်တဆဈေး ဖြစ်နေပြီ။ ဘဏ်တွေ ပြဿနာဖြစ်ပြီးနောက်ပိုင်း ငွေထုတ်ရခက်လာသလို ‌ရာခိုင်နှုန်း ဖြတ်တာတွေလည်း ပိုပိုဆိုးလာတယ်။ ငွေသွားထုတ်ရင် ဆိုင်တိုင်းလည်း မရဘူး။ ထုတ်မပေးတဲ့ ဆိုင်တွေလည်း ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

လက်တလော ငွေကြေး အကြပ်အတည်းတွေကြောင့် ရခိုင်ပြည်က တချို့သော ငွေလွှဲလုပ်ငန်း အေးဂျင့်တွေအနေနဲ့ လုပ်ငန်းရပ်တန့်ထားရပြီး တချို့သော ဆိုင်တွေမှာတော့ ငွေအထုတ်ကို ရပ်ထားကာ ငွေလွှဲကိုတော့ လက်ခံပေးတယ်လို့ ဆိုပါတယ်။

ငွေထုတ်ယူရအခက်အခဲကို မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ မာန်အောင်၊ တောင်ကုတ်၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူမြို့တို့မှာ အဓိက ကြုံတွေ့နေရတာဖြစ်ပြီး အခုလို ငွေကြေးစီးဆင်းမှု ရပ်တန့်နေတာကြောင့် ရခိုင်စစ်ဘေးရှောင်တွေကို ကူညီပေးနေကြတဲ့ ပရဟိတ အဖွဲ့အစည်းတွေအနေနဲ့လည်း အခက်တွေ့နေရတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ရခိုင်မှာ ဘဏ်လုပ်ငန်းတွေ ရပ်တန့်နေတဲ့အတွက် ဒေသခံတွေဟာ ငွေလွှဲ၊ ငွေထုတ်အတွက် အွန်လိုင်းငွေကြေးလည်ပတ်မှုစနစ်ကို အဓိကအားထားနေရတာ ဖြစ်ပေမယ့် လက်ရှိမှာ ငွေသားပြတ်လပ်လာတာအပြင် ဖုန်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် လူမှုကူညီရေးလုပ်ငန်းတွေ နှောင့်နှေးကုန်တယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူက ပြောပါတယ်။

“ဘဏ်တွေကလည်း မလည်ပတ်နိုင်ကြတော့ဘူး ဆိုတဲ့အခါမှာ ရခိုင်မှာက နောက်ပိုင်း Mobile Banking တွေကိုပဲ အဓိက အားပြုနေရတာလေ။ စစ်ရှောင်တွေအတွက်က အဝေးရောက် အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေလည်း ရှိနေတာကိုး။ ဒါပေမယ့် လက်ရှိမှာ အင်တာနက်လိုင်းတွေ အဆင်မပြေသလို ဖုန်းလိုင်းတွေလည်း အဆင်မပြေဘူး။ Mobile Banking တွေကလည်း အခက်အခဲတွေ အရမ်းဖြစ်လာပြီ ဆိုတော့ နဂိုကတည်းကမှ ထိရောက်တဲ့ အကူအညီတွေ မရနိုင်သေးတဲ့ စစ်ရှောင်တွေအတွက်က ပိုဆိုးလာဖို့ပဲ ရှိတော့တာပေါ့။ ကျွန်တော်တို့လည်း လုပ်ရကိုင်ရ အရမ်းကိုခက်တယ်” လို့ သူက ပြောပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ ထုတ်ပြန်ချက်အရ နစကတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား စစ်ရေးပဋိပက္ခတွေကြောင့် ရခိုင်နဲ့ ပလက်ဝဒေသမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း ငါးသိန်းကျော်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင်ပြည်နယ် #KPay #Wave #ငွေထုတ်ခ #၂၀ရာခိုင်နှုန်း #ထပ်မံ #မြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW