ရေစကြိုမှာ ရေဘေးဒုက္ခသည် တသိန်းကျော် ရှိနေပြီး ကျေးရွာပေါင်း တရာကျော် ရေမြုပ်နေ

 

ဇူလိုင် ၁၉ – ၂၀၂၄
SN (VOM)

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ရေဘေးဒုက္ခသည် တသိန်းကျော် ရှိနေပြီး ကျေးရွာပေါင်း တရာကျော် ရေနစ်မြုပ်နေတယ်လို့ ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ချင်းတွင်းနဲ့ ဧရာဝတီမြစ် ဆုံတဲ့နေရာမှာရှိတဲ့ ရေစကြိုမြို့မှာ မြစ်ရေမြင့်တက်မှုကြောင့် မြို့ဧရိယာအကျယ်အဝန်းရဲ့ သုံးပုံတပုံလောက်နဲ့ ရွာပေါင်း ၁၃၀ ကျော် ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။

“ဒီနှစ်ကတော့ ပြောမနေပါနဲ့။ မိုးက တအားများတော့ ဧရာဝတီမြစ်ရေကလည်း တောက်လျှောက်မြင့်နေတာဆိုတော့ အခုဒီဘက် ချင်းတွင်းမြစ်ကနေ ဝင်မယ့်ရေက ထောက်နေတာကို ရေကပိုမြင့်ရုံပဲရှိတော့တာပေါ့၊အခုချိန် မြစ်ဘေးနဲ့ မြစ်ပတ်လည်တွေက သွားကြည့်စရာကိုမလိုတာ၊ တကြောလုံးမြုပ်နေပြီ” လို့ ရေဘေးသင့်ပြည်သူတွေကို ကူညီ‌ပေးနေသူက ပြောပါတယ်။

လက်ရှိမှာ ရေစကြိုမြို့နယ်အတွင်း ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဆုံရာ ရေလယ်ကျွန်းဒေသ၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ ကျွန်းတဲဒေသတို့မှာ ရေနစ်မြုပ်နေပြီး ရေကြီး၊ ရေလျှံမှုကြောင့် ကျေးရွာပေါင်း ၁၃၀ ခန့်မှ အိမ်ထောင်စု နှစ်သောင်းခုနစ်ထောင်ဝန်းကျင် ရေဘေးသင့်လျက်ရှိတယ်လို့ သိရပါတယ်။

“အခုလို အခြေအနေမျိုးမှာ သီးနှံစိုက်ခင်း၊ လယ်ယာ၊ တောင်ယာစိုက်ခင်းတွေ အကုန်လုံးက အရင် စိုက်လက်စလေးတွေရော၊ စိုက်ထားပြီး ရေကြီးလို့ မရိတ်လိုက်ရတဲ့ဟာတွေရော တော်တော်များများကို မြုပ်နေတာ။ ရေက ပေအတိုင်းနဲ့ တောက်လျှောက်တက်ပြီး ပြန်ကျတော့လည်း ၆ လက်မလောက်ပဲ ပြန်ကျတော့ စိုက်ခင်းတွေ ပျက်ကုန်တာပေါ့။ ခရမ်း၊ ပဲ၊ နှမ်း၊ ကွမ်းခြံရော၊ ပြီးတော့ သီးနှံစိုက်ခင်းတွေရောပေါ့၊ အကုန်ပါပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကစလို့ မြန်မာနိုင်ငံတဝန်း ရေကြီး၊ ရေလျှံမှုတွေကြောင့် လူပေါင်းသောင်းနဲ့ချီ ရွှေ့ပြောင်းခဲ့ရပြီး နေအိမ်တွေ မျောပါပျက်စီးတာ၊ စိုက်ခင်းတွေ ပျက်စီးတာ၊ တံတားကျိုးကျပြီး ကုန်သွယ်ရေးလမ်းတွေ ပြတ်တောက်တာနဲ့ လူသေဆုံးမှုတွေအထိ ရှိခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရေစကြို #ရေဘေးဒုက္ခသည် #တသိန်းကျော် #ကျေးရွာပေါင်း #တရာကျော် #ရေမြုပ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW