SN (VOM)
ရေကြီးရေလျှံမှုပြဿနာဟာ အခုနောက်ပိုင်းနှစ်တွေမှာ မြန်မာနိုင်ငံအတွင်း နှစ်စဉ်ပုံမှန် ကြုံတွေ့နေရတဲ့ ပြဿနာတရပ် ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်မတိုင်မီက ရာသီဥတုဆိုးရွားလို့ ရေကြီးရေလျှံတာ၊ ကမ်းပြိုတာ၊ လူသေဆုံးတာ ရှားမှရှားပါပဲ။
၁၉၈၈ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံမှာ သဘာဝသစ်တောကြီး ၇၀ ရာခိုင်နှုန်း အုပ်ဆိုင်းထားတဲ့အတွက် တော်ရုံပြင်းထန်တဲ့ မုန်တိုင်းလောက်ကို မမှုကြပါဘူး။ မိုးကြိုးပစ်လို့သေတာ၊ ရေကြီးရေလျှံ ရေနစ်လို့သေတာ အလွန် ရှားပါတယ်။
အဲဒီနောက်မှာတော့ သစ်တောဧရိယာတွေ ရှားပါးလာတာမှာ ၂ဝဝဝ ပြည့်နှစ်မှာ သစ်တောဧက ၅၇ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်မှာ သစ်တောဧက ၄၃ ရာခိုင်နှုန်းအထိ သဘာဝသစ်တောတွေ ပျောက်ဆုံးကုန်ပါတယ်။ ဒါကြောင့် သဘာဝဘေးဆိုး ရေကြီးရေလျှံ၊ ကမ်းပြို၊ မြေပြိုမှုတွေဟာ တခြား သစ်တောပြုန်းတီးနိုင်ငံတွေလို ခပ်စိပ်စိပ်ကြုံလာရတာပဲ ဖြစ်ပါတယ်။
ကမ္ဘာ့သစ်တောပြုန်းတီးမှုမှာ ဘရာဇီးက ပထမ၊ အင်ဒိုနီးရှားက ဒုတိယဖြစ်ပြီး မြန်မာက တတိယနေရာက လိုက်နေပါတယ်။ တခုရှိတာက ဘရာဇီးမှာ အမေဇုန်တော၊ အင်ဒိုနီးရှားမှာ မိုးသစ်တောကြီးတွေ လက်ဆုပ်လက်ကိုင် ကျန်နေသေးတဲ့တိုင် မြန်မာနိုင်ငံမှာတော့ တစထက်တစ ကန္တာရဆန်လာပါတယ်။
ရာသီဥတုမမှန်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးတွေ သိပ်အလုပ်မဖြစ်တော့သလို ခေတ်အဆက်ဆက် မှိုင်းညို့နေတဲ့ ထန်းတောကြီးတွေကို ထန်းတပင် ကျပ်တသောင်းနဲ့ ခုတ်ရောင်းခဲ့လို့ မိုးနည်းရပ်ဝန်းဒေသဟာ ကန္တာရဒေသဖြစ်ဖို့များလာပါပြီ။ ဒါအပြင် စည်းမဲ့ကမ်းမဲ့ ပြုလုပ်နေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက ကျောက်စိမ်း၊ ရွှေ၊ သတ္တု တူးဖော်မူတွေဟာလည်း သဘာဝပတ်ဝန်းကျင်ကို ပိုပြီး ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးလာစေပါတယ်။ မြေစာပုံတွေ မြစ်ချောင်းထဲစွန့်ပစ်လို့ မြစ်ကြောင်းပြောင်းခြင်း၊ ရေတိမ်ခြင်းက ရေကြီးရေလျှံဖြစ်ရတဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။
ဒီနေ့ကမ္ဘာမှာ လူသား အားလုံးကို သဘာဝဘေးအန္တရာယ် ကိုးမျိုးက စိန်ခေါ်လျက်ရှိနေပြီး အဲဒီ ဘေးအန္တရာယ်တွေကတော့ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ လေပြင်းဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေးတို့ ဖြစ်ကြပါတယ်။ အဲဒါတွေထဲကမှ ဘေးအန္တရာယ် ခုနစ်မျိုးကိုတော့ မိုးရာသီမှာ ကြုံတွေ့ရလေ့ရှိပါတယ်။
မိုးကြီးရေလျှံတာကြောင့် ရေကာတာကြီးတွေ ကျိုးပျက်ပြီး ရေလွှမ်းတာ၊ တောင်ပြိုတာ၊ မြေပြိုတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါအပြင် တောင်ပေါ်ဒေသတွေရဲ့ ကုန်းပြင်မြင့်တွေမှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်လည်းကောင်း၊ မြစ်ချောင်းပေါများတဲ့ ဒေသတွေမှာ မြစ်ရေ တိုက်စားမှုကြောင့်လည်းကောင်း မြေပြိုမှုဘေးအန္တရာယ်ကို မလွဲမသွေ ခံစားရတတ်ပါတယ်။
မြန်မာနိုင်ငံမှာ အနောက်တောင် မုတ်သုံလေတဖြစ်လည်း မွန်ဆွန်း (ခေါ်) ရာသီလေဟာ နှစ်စဉ် မေလကနေ အောက်တိုဘာလအထိ တိုက်ခတ်လေ့ရှိပါတယ်။ အနောက်တောင်မုတ်သုံလေ ၀င်ရောက်ချိန် မိုးအား အလွန်ကောင်းတတ်ပြီး မြေပြိုမှုဖြစ်စဉ်တွေဟာလည်း နှစ်စဉ် ဖြစ်ပေါ်လျက်ရှိပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ သြဂုတ် ၉ ရက်က မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာရဲ့ မလတ်တောင် မြေပြိုမှုဟာ မြန်မာနိုင်ငံမှာ အကြီးမားဆုံး မြေပြိုမှုအဖြစ် သမိုင်းမှတ်တမ်း၀င်ခဲ့တဲ့ သာဓက ရှိပါတယ်။
ရေကြီးမှုနဲ့ ပတ်သက်လို့လည်း အပူလှိုင်းဒဏ်ခံရတာ၊ ပူပြင်းတဲ့ ရာသီဥတုဒဏ်ကို အချိန်ကြာကြာ ခံထားရတာတွေကြောင့် အဲဒီ ဖြစ်စဉ်တွေနောက်ပိုင်း ဆိုက်ရောက်လာတဲ့ ရေကြီးတဲ့ ဘေးက ဖျက်ဆီးနိုင်အား ပိုပြီးကြီးမားတတ်တယ်လို့ မှတ်သားရပါတယ်။ မြေကြီးကမာပြီး ဖုတ်ထားသလို ခြောက်သွေ့နေရင် ရေဘေးက ပိုဆိုးတတ်တယ်လို့ သိရပါတယ်။ ဗြိတိသျှကြက်ခြေနီ အဖွဲ့ရဲ့အဆိုအရ မိုးကြီးလာတဲ့အခါ အဲဒီလိုမြေတွေဟာ ရေစုပ်ယူမှု နှေးကွေးတတ်ပြီး ရေတွေက မြေမျက်နှာပြင်ပေါ်မှာပဲ အိုင်နေတတ်တာကြောင့် အဲဒီကတဆင့် ရေတွေဟာ မြေကြီးတွေပေါ်မှာပဲ စီးဆင်းသွားရာကနေ ရေကြီးစေတယ်လို့ သိရပါတယ်။
ဒါအပြင် မိုးကြီးတာ၊ နှင်းတွေ အရည်ပျော်တာ မြန်တာ၊ ကမ်းရိုးတန်းဒေသတွေမှာ ဆိုင်ကလုန်းမုန်တိုင်း ဒါမှမဟုတ် ဆူနာမီတွေဖြစ်တာ စတာတွေကြောင့်လည်း ရေကြီးနိုင်တယ်လို့ သိရပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရေကြီးပုံ သုံးမျိုးမှာ ပထမတခုကတော့ မိုးကြီးပြီးတဲ့နောက် တောင်ကျရေတွေ ထိုးဆင်းလာကာ ရေတက်တာ အလွန်လျှင်မြန်တာကြောင့် မြစ်တွေ၊ တူးမြောင်းတွေ၊ ကားလမ်းတွေ ရေတွေ ပြည့်လျှံကုန်တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒုတိယအချက်ကတော့ မိုးကြီးတာ၊ နှင်းတွေ အရည်ပျော်ကျတာ စတာတွေကြောင့် မြစ်ရေကြီး တတ်တာမျိုး ဖြစ်တယ်လို့ သိရပါတယ်။ တတိယအချက်ကတော့ ဆိုင်ကလုန်းမုန်တိုင်းတွေ၊ ဆူနာမီတွေကြောင့် ကမ်းရိုးတန်းမှာ ပင်လယ်ရေတွေမြင့်တက်လာကာ ရေကြီးတတ်တာမျိုးလို့ လေ့လာ မှတ်သားရပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း မှတ်တမ်းတင်နိုင်ခဲ့တဲ့ သဘာဝဘေးတွေရဲ့ ၈၀ ရာခိုင်နှုန်းနဲ့ ၉၀ ရာခိုင်နှုန်းဟာ ရေကြီးတာ၊ မိုးခေါင်တာ၊ ဆိုင်ကလုန်း၊ အပူလှိုင်း၊ လေမုန်တိုင်း စတဲ့ ဘေးအန္တရာယ်တွေဖြစ်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
“ရေက ၆ လက်မလောက် တက်လာပြီး မြန်မြန်စီးနေမယ်ဆိုရင် အဲဒီရေစီးက လူတယောက်ကို လဲကျသွားနိုင်စေသလို ရေ ၂ ပေ လောက် တက်လာရင်လည်း ကားတွေ ရေထဲမျောပါသွားနိုင်ပါတယ်” လို့ ဗြိတိသျှ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။
ရာသီဥတု ပြောင်းလဲမှုကြောင့် ရေကြီးတဲ့ အကြိမ်အရေအတွက် ပိုတိုးလာနိုင်သလို၊ ရေကြီးတာကလည်း ပိုဆိုးရွားလာနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားတယ်လို့ သိရပါတယ်။ ကမ္ဘာက ပိုပူလာတဲ့အခါ လေတွေက ရေငွေ့တွေကို ပိုစုပ်ယူထားပါတယ်။ ၁ ဒီဂရီ စင်တီဂရိတ် ပိုပူတိုင်း လေထဲမှာ ရေငွေ့ နောက်ထပ် ၇ ရာခိုင်နှုန်း ပိုထိန်းထားပါတယ်။ အဲဒါကနေ တဆင့် မိုးပိုရွာလာပြီး တချို့အချိန်မှာဆိုရင် မိုးရွာတဲ့ အကြိမ်က ဧရိယာကျဉ်းကျဉ်းလေးအတွင်းမှာ ပိုစိပ်လာတယ်လို့ သိရပါတယ်။
ပညာရှင်တွေရဲ့ လေ့လာ ဆန်းစစ်ချက်တွေအရ မြန်မာနိုင်ငံရဲ့ အပူချိန်ဟာ ဆယ်စုနှစ်တခုစီမှာ ဝ ဒသမ ဝ၈ ဒီဂရီ ဆဲလ်စီးယပ်စ် တိုးလာနေတယ်လို့ သိရပါတယ်။ ရာသီဥတု ဆိုးရွားလာခြင်းရဲ့ အကျိုးဆက်အဖြစ် ၂၀ဝ၆ ခုနှစ် မာလာမုန်တိုင်းကြောင့် သစ်တောကြိုးဝိုင်း ဧရိယာ ၁၀ ရာခိုင်နှုန်းကို ပျက်စီးစေခဲ့သလို ၂၀၁၀ ခုနှစ်မှာလည်း မြန်မာနိုင်ငံရဲ့ အပူချိန်လွန်ကဲမှုကြောင့် ကျန်းမာရေးပြဿနာ ၁၄၈၂ ခု၊ သေဆုံးသူ အယောက် ၂၆၀ အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မြစ်ရေကြီးမှု ဖြစ်စဉ်တွေအနက် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုဟာ အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။ ပြည်နယ်နဲ့ တိုင်း ၁၄ ခုအနက် ၁၂ ခုအထိ ရေဘေးဒုက္ခကို ခံစားခဲ့ရတာပါ။
အဲဒီ ရေကြီးရေလျှံမှု ဖြစ်စဉ်ကြောင့် လူဦးရေ ၁၃၂ ယောက် သေဆုံးခဲ့ပြီး အိမ်ထောင်စု လေးသောင်းကျော်နဲ့ လူဦးရေ ၁၆ သိန်းဝန်းကျင် ရေဘေးတွေ့ကြုံခဲ့ရတာ ဖြစ်ပါတယ်။ လယ်ဧက ခုနစ်သိန်းကျော် လုံး၀ ပျက်စီးခဲ့ပြီး ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုက ကျပ် ၁၆၅ ဘီလီယံအထိ ရှိခဲ့တယ်လို့ သမ္မတ ဦးသိန်းစိန် လက်ထက်က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ရေကြီးရေလျှံမှု ဖြစ်စဉ်တွေဟာ မိုးရာသီကာလဖြစ်တဲ့ ဇွန်လမှ အောက်တိုဘာလအတွင်း ဖြစ်ပွားလေ့ရှိပြီး ဇူလိုင်လနဲ့ ဩဂုတ်လတွေကတော့ အဖြစ်အများဆုံး ကာလတွေ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က ထုတ်ပြန်ထားတဲ့ Climate Risk Index, German Watch အစီရင်ခံစာတွေအရ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း များစွာအနက် မြန်မာနိုင်ငံဟာ ဘေးအန္တရာယ် ကျရောက်ခံရမှု ဒုတိယအများဆုံး နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အချိန်အခါမရွေး ကျရောက်လာနိုင်တဲ့ သဘာဝဘေးဒဏ်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ အမြဲတမ်း လေ့လာစောင့်ကြည့်ပြီး ဂရုပြု ရှောင်ရှားနိုင်ကြစေဖို့ အသိပေး ရေးသားလိုက်ရပါတယ်။ ။
#voiceofmyanmar #VOM #ရေကြီးရေလျှံမှု #သဘာဝဘေး #သုံးသပ်ချက်ဆောင်းပါး