ဧရာဝတီတိုင်းက မြို့ ကိုးမြို့မှာ မြစ်ရေတိုးပြီး တာတမံကျိုးပေါက်ကာ စိုက်ခင်းတွေ ရေမြုပ်

 

ဇူလိုင် ၂၄ – ၂၀၂၄
SN (VOM)

လက်ရှိ ဧရာဝတီတိုင်းအတွင်း မြစ်ရေတွေ တိုးလာတာကြောင့် မြို့ ကိုးမြို့မှာ တာတမံကျိုးပေါက်မှုတွေ ဖြစ်ပေါ်နေပြီး စိုက်ခင်းတွေ ရေမြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာပေါင်း၊ မြန်အောင်၊ ကြံခင်း၊ ဟင်္သာတ၊ ဇလွန်၊ ပန်းတနော်၊ ညောင်တုန်း၊ မအူပင်၊ ငါးသိုင်းချောင်း စတဲ့ မြို့နယ်တွေမှာ ဧရာဝတီမြစ်ရေ၊ ငဝန်မြစ်နဲ့ ပန်းလှိုင်မြစ်ရေတွေ တိုးလာနေတာဖြစ်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနေဆဲဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

လက်ရှိမှာ ဇလွန်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ပန်းတနော်နဲ့ ဟင်္သာတမြို့နယ်တွေမှာ ကျေးရွာတာတမံ ကျိုးပေါက်မှုတွေဖြစ်ပေါ်နေပြီး ကွမ်းနဲ့ စပါးစိုက်ခင်းတွေ ပျက်စီးကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ သာပေါင်းမြို့နယ်မှ ဒေသခံတယောက်က “တာကျိုးကျတာက ဇူလိုင် ၂၂ ရက်နေ့၊ နေ့လယ်ပိုင်းက။ တာရေ စိမ့်ပြီး ကျိုးကျတာ။ ရွာထဲကို ရေတွေ ဒလဟောကို ဝင်လာတာ။ အချိန် ခဏလေးအတွင်းမှာ ကျေးရွာ ရှစ်ရွာလောက် ရေမြုပ်ကုန်တယ်။ စိုက်ခင်းတွေဆိုလည်း အကုန် ရေလွှမ်းကုန်တာ၊ အကုန်ပျက်စီးတာပဲ” လို့ ပြောပါတယ်။

အဲဒီ သာပေါင်းမြို့နယ်မှာ ငဝန်မြစ်ရေ မြင့်တက်လာတာကြောင့် ကျေးရွာတွေအတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတာကို အကြောင်းပြုပြီး ကုန်စျေးနှုန်းတွေလည်း အရင်ထက် နှစ်ဆလောက် မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုဆို အခြေခံစားသောက်ကုန် ရောင်းချတဲ့ဆိုင်တွေမှာ ဆန်ကြမ်း တပြည် ကျပ် တသောင်း၊ စားအုန်းဆီ တပိဿာ ကျပ် တသောင်းခွဲဝန်းကျင်အထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။

အခုလို ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်လို့ မိုး/ဇလဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက “ဟိုးအရင်တုန်းက မိုး ၄ လက်မ၊ ၅ လက်မရွာရင် ရေမကြီးဘူး။ အခုက ၃ လက်မလောက်နဲ့ ရေကြီးတယ်။ ဒါက ဘာသဘောလဲ၊ ဒီနေရာမှာ မြစ်ကြောင်းတွေ တိမ်လာတာကိုလည်း ထည့်တွက်ရမယ်။ မြစ်ကြောင်းတွေ ဘာ့ကြောင့်တိမ်လဲ၊ အမှန်ကတော့ မြစ်အောက်ခြေကြမ်းပြင်တွေ တဖြည်းဖြည်း မြင့်လာတဲ့သဘောလည်း ပါတယ်။ ဒါကြောင့်မို့လို့ မိုးရွာရင် ရေကြီးတာကနေ မိုးများတဲ့အခါ မြစ်ကြောင်းတွေ လက်ခံနိုင်တဲ့ပမာဏက လက်မခံနိုင်တော့တာပေါ့။ မြစ်အောက်ခြေ ကြမ်းပြင်တွေ မြင့်မြင့်လာတော့ ရေတွေက မြစ်ထဲမှာ ရှိသင့်တာထက်ပိုလာရင် မြစ်ရေကြီးတာပဲ” လို့ ပြောပါတယ်။

လက်ရှိမှာ မြစ်အထက်ပိုင်းကရေတွေဟာ မြစ်အောက်ပိုင်းကို စီးဆင်းနေဆဲဖြစ်တာကြောင့် ဧရာဝတီတိုင်းရှိ မြို့နယ်တချို့မှာ အခုလကုန်အထိ ရေလျှံနိုင်သေးတယ်လို့ သူက ပြောပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #မြို့ကိုးမြို့ #မြစ်ရေတိုး #တာတမံကျိုး #စိုက်ခင်း #ရေမြုပ်

Related posts

Leave a Comment

VOM News

FREE
VIEW