မကွေးတိုင်းမှာ ရေကြီးမှုကြောင့် စိုက်ပျိုးမြေဧက သိန်းနဲ့ချီပြီး ရေနစ်မြှုပ်နေပြီး ကျောင်းတွေလည်း ပိတ်ထားရ

 

ဇူလိုင် ၂၅ – ၂၀၂၄
SN (VOM)

မကွေးတိုင်းအတွင်းက မြို့နယ်အများစုမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေတာကြောင့် စိုက်ပျိုးမြေဧက သိန်းနဲ့ချီပြီး ရေနစ်မြှုပ်နေပြီး အခြေခံပညာကျောင်းတွေလည်း ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ရေကြီးရေလျှံမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာတဲ့အတွက် မကွေးတိုင်းထဲက မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ရေနံချောင်း၊ ဆိပ်ဖြူ၊ ချောက်၊ ပခုက္ကူ၊ ကံမ၊ ရေစကြို စတဲ့ မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“ဒီနှစ်ရေကြီးတာက ဆိုးဆိုးရွားရွားပဲ။ ပဲတီစိမ်း၊ မြေပဲနဲ့ နှမ်း စိုက်ခင်းတွေ အကုန်မြုပ်တာ။ ဒီနှစ်ရေကြီးတာက ၂၀၂၀ ပြည့်နှစ်ကထက် ပိုများတယ်။ အနိမ့်ပိုင်းလွင်ပြင်အားလုံး ရေလွှမ်းနေတာ” လို့ မင်းဘူးဒေသခံက ပြောပါတယ်။

လတ်တလော ရေနစ်မြုပ်နေတဲ့ မကွေးတိုင်းအတွင်းက မြို့တွေမှာ ရေဖုံးလွှမ်းနစ်မြုပ်နေတဲ့ စိုက်ပျိုးမြေဧက သုံးသိန်းကျော်အထိ ရှိနေတာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုအခြေအနေမျိုး ရောက်ရှိလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

စိုက်ပျိုးမြေတွေ ရေဖုံးလွှမ်းနစ်မြုပ်မှုကြောင့် ၂၀၂၀ ပြည့်နှစ်က မကွေးတိုင်း တတိုင်းလုံးမှာ ဧကပေါင်း ၂ ဒသမ ၈ သိန်းကျော် ပျက်စီးခဲ့သလို ၂၀၁၅ ခုနှစ်ကလည်း ဧကပေါင်း လေးသိန်းနီးပါး ပျက်စီးခဲ့ရတဲ့ အခြေအနေထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ရေကြီးမှုကြောင့် မကွေးတိုင်းအတွင်းက အခြေခံပညာကျောင်းပေါင်း ၂၀၀ ကျော်ကိုလည်း ယာယီပိတ်ထားရတာဖြစ်ပြီး အဲဒီကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေအတွက် ကျောင်းပြန်လည်ဖွင့်တဲ့အခါ စနေ၊ တနင်္ဂနွေလို ကျောင်းပိတ်ရက်တွေမှာ အချိန်ပိုခေါ်ပြီး အစားထိုးပြန်လည်သင်ကြားနိုင်ဖို့ စီစဉ်ထားတယ်လို့ မကွေးတိုင်း ပညာရေးမှူးရုံးက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစလို့ ဧရာ၀တီမြစ်အတွင်း ရေကြီးရေလျှံမှုကြောင့် အဲဒီမြစ်ကြောင်းတလျှောက်က မြို့ရွာတွေမှာ လူပေါင်းသောင်းနဲ့ချီ ရေဘေးဒုက္ခကြုံခဲ့ရပြီး သီးနှံစိုက်ခင်းတွေ ရေနစ်မြုပ်တာ၊ နေအိမ်တွေ ရေထဲမျောပါပျက်စီးတာနဲ့ လူသေဆုံးမှုတွေအထိ ဖြစ်ခဲ့ပါတယ်။

#voiceofmyanmar #VOM #မကွေးတိုင်း #ရေကြီးမှု #စိုက်ပျိုးမြေဧက #သိန်းနဲ့ချီ #ရေနစ်မြှုပ် #ကျောင်းတွေလည်း #ပိတ်ထားရ

Related posts

Leave a Comment

VOM News

FREE
VIEW