အိန္ဒိယ – မြန်မာနယ်စပ် ဇိုခေါထာရ် – ရိဒ်လမ်းကို အိန္ဒိယဘက်က ယာယီပိတ်

 

ဇူလိုင် ၂၅ – ၂၀၂၄
SN (VOM)

အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါထာရ် – ရိဒ်လမ်းကို အိန္ဒိယဘက်က ဒီကနေ့ ဇူလိုင် ၂၅ ရက်မှစတင်ပြီး ယာယီပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကောက်ခွန်ဌာနက ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (Central Bureau Investigation – CBI) အဖွဲ့တွေ ဇိုခေါထာရ်ကို လာရောက်မှာ ဖြစ်တာကြောင့် ဒီကနေ့ကစပြီး နယ်စပ်လမ်းကို ယာယီပိတ်ထားတာဖြစ်ပြီး ပြန်ဖွင့်မယ့်ရက်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ဒီမနက်က ပိတ်လိုက်တာပါ။ ဇိုခေါထာရ် အုပ်ချုပ်ရေးမှူးကတော့ ဘယ်ရက်ပြန်ဖွင့်မယ်ဆို အတိအကျ ပြောလို့မရသေးဘူးလို့ ပြောတယ်။ CBI အဖွဲ့က ကွမ်းသီးတွေက အိန္ဒိယဘက်ကို တရားမဝင် ဝင်ရောက်နေတဲ့ ကိစ္စကြောင့်ရော၊ အခွန်ကိစ္စကြောင့်ရော လာကြမှာလို့ သိရတယ်။ ဒီလမ်း ကြာရှည်ပိတ်ထားရင်တော့ စစ်ရှောင်တွေ၊ ဆေးကုသဖို့လိုတဲ့ လူနာတွေ ဒုက္ခရောက်နိုင်တယ်။ ဒီနယ်စပ်တလျှောက်မှာ နေထိုင်ကြတဲ့ ပြည်သူအများစုအတွက်လည်း သက်ရောက်မှုကြီးနိုင်တယ်” လို့ အဲဒီဒေသမှာရောက်ရှိနေတဲ့ စစ်ရှောင်တယောက်က ပြောပါတယ်။

အဲဒီ တံတားဟာ အိန္ဒိယ – မြန်မာနယ်စပ် အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်း ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ဂိတ်တံတားဖြစ်ပြီး ချင်းပြည်နယ်နဲ့ ရခိုင်ဒေသမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် အဲဒီနေရာက ပြည်သူတွေဟာ အိန္ဒိယနိုင်ငံဘက်က တင်သွင်းတဲ့ ကုန်ပစ္စည်းကိုသာ အဓိက ဝယ်ယူ အသုံးပြုနေရတာဖြစ်ပါတယ်။

အဲဒီ နယ်စပ်လမ်းဟာ ချင်းပြည်နယ်သာမက စစ်ကိုင်းတိုင်း၊ ကလေးမြို့အထိ ဆက်သွယ်ပေးထားတဲ့ လမ်းကြောင်းဖြစ်တာကြောင့် ကုန်သွယ်ရေးအတွက် များစွာ အရေးပါပြီး ချင်းပြည်သူတွေအပါအဝင် နယ်စပ်အနီးဝန်းကျင်က မီဇိုးလူမျိုးတွေပါ အားထားနေရတဲ့ လမ်းကြောင်းဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း အိန္ဒိယနိုင်ငံရဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကို အကြောင်းပြပြီး အာသံရိုင်ဖယ်တပ်ဖွဲ့တွေက အဲဒီ နယ်စပ်ကုန်သွယ်ရေးလမ်းကို သုံးရက်ကြာ ပိတ်ထားခဲ့ဖူးတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါဒါရ်မြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူထားပြီး ဟွာငိုလ်း ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

လွတ်မြောက်နယ်မြေဖြစ်တဲ့ ရိခေါ်ဒါရ်မြို့မှာ ချင်းပြည်နယ်အတွင်းနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်က ပြည်သူတွေ သွားရောက် စစ်ဘေးရှောင်နေကြတာဖြစ်ပြီး လက်ရှိမှာ နယ်စပ်တံတားကို အိန္ဒိယဘက်က ပိတ်ပင်လိုက်တဲ့အတွက် စစ်ဘေးရှောင်တွေရဲ့ စားသောက်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေးအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

#voiceofmyanmar #VOM #အိန္ဒိယ_မြန်မာနယ်စပ် #ဇိုခေါထာရ်_ရိဒ်လမ်း #အိန္ဒိယဘက်က #ယာယီပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW