တိုက်ပွဲဖြစ်မှာ စိုးရိမ်လို့  ချင်းတွင်းမြစ်ဘေး ကျေးရွာ ၄၀ ဝန်းကျင်က ဒေသခံတွေ စစ်ရှောင်

 

ဩဂုတ် ၄ – ၂၀၂၄
SN (VOM)

စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်မှာ နစကသင်္ဘော ၁၇ စီး ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတာကြောင့် တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီး မြစ်ဘေးမှာ ရှိတဲ့ ကျေးရွာ ၄၀ ဝန်းကျင်က ဒေသခံပြည်သူတွေ စစ်ရှောင်နေရတယ်လို့ ‌လူမူကူညီရေးအသင်းတွေဆီက သိရပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်နေရသူတွေဟာ ဘေးလွတ်ရာ တောတောင်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေရပြီး ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ သက်ကြီးရွယ်အိုတွေအပြင် နာမကျန်းဖြစ်နေသူ အယောက် ၃၀ ကျော်လည်း ပါဝင်နေတာကြောင့် အရေးပေါ် ဆေးဝါးအကူအညီတွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။

“အခု မင်းကင်းမြို့ကို ရောက်နေပြီ။ ဩဂုတ် ၂ ရက်နေ့ကတည်းက ရောက်လာကုန်ကြတာ။  မြစ်ဘေးတဝိုက်က ရွာတိုင်း အကုန် စစ်ရှောင်နေကြပြီ။ စစ်ရှောင်အရေအတွက်က ခန့်မှန်းခြေဆိုရင် ၅၀၀၀ ကျော်လောက်ရှိမယ်” လို့ အဲဒီ စစ်ရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့ကစလို့ မုံရွာမြို့၊ အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အဲဒီ သင်္ဘော ၁၇ စီးဟာ မင်းကင်းမြို့နယ်ကို ဩဂုတ် ၂ ရက်က ရောက်ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်။

“ ရုတ်တရက်ကြီး စစ်ရှောင်လာရတော့ အစားအသောက်နဲ့ လိုအပ်တဲ့ပစ္စည်း ဘာမှပါမလာဘူး။ မိုးကတော့ အခု သိပ်မရွာသေးဘူး။ မိုးရွာတာ အရမ်းများလာရင်တော့ ပိုပြီး အခက်အခဲရှိလာနိုင်တယ်။ သင်္ဘောတွေက အခု မင်းကင်းက မောက္ကတော်ကျေးရွာနားမှာ ရောက်နေတယ်။ ရွာတွေဘက်ကို ပစ်ခတ်တာမျိုး မရှိသေးပေမယ့် တောတောင်တွေထဲ လက်နက်ကြီး ကျတာတော့ ရှိတယ်။ အဲဒါကြောင့် စိတ်ချလက်ချလည်း မနေရဲဘူးလေ။ ဘေးလွတ်မယ်ထင်တဲ့နေရာ၊ အန္တရာယ်ကင်းမယ်ထင်တဲ့နေရာကို ရှောင်လာကြတာ” လို့ မင်းကင်းဒေသခံက ပြောပါတယ်။

ဒါအပြင် ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတွေ၊ ကနီမြို့နယ်က ကျေးရွာတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ရေယာဉ်တွေဟာ ခန္တီးမြို့က တံတားတစင်း ပြုပြင်ဖို့အတွက် သွားနေတာဖြစ်တယ်လို့ သိရပြီး ရေယာဉ်တွေပေါ်မှာ ဓာတ်ဆီနဲ့ တခြား စစ်အသုံးအဆောင်ပစ္စည်းတွေလည်း တင်ဆောင်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် VOM အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒါကြောင့် ခန္တီးမြို့နယ်တွေအတွင်းရှိ မြစ်ကမ်းနံဘေး ကျေးရွာတွေက ဒေသခံတွေလည်း ဘေးလွတ်ရာကို စတင် တိမ်းရှောင်နေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နစကသင်္ဘော #ချင်းတွင်းမြစ်ကြောင်း #ဆန်တက် #မြစ်ဘေး #ကျေးရွာ၄၀ဝန်းကျင် #စစ်ရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW