ဩဂုတ် ၇ – ၂၀၂၄
SN (VOM)
ပြည်ပနိုင်ငံတွေကနေ အလုပ်ခေါ်စာတွေရှိပေမယ့် ပြည်တွင်းက တရားဝင်စေလွှတ်ရမယ့် လုပ်သားတွေ ရှားပါးလာတဲ့အတွက် အခက်တွေ့နေရတယ်လို့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လမှစတင်ကာ အခုလို လုပ်သားရှားပါးတဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်နေတာဖြစ်ပြီး အေဂျင်စီတွေအနေနဲ့ လက်ရှိမှာ လူ အယောက် ၁၀၀ အလုပ်ခေါ်စာရှိတယ်ဆိုရင် လူ အယောက် ၅၀ လောက်သာ စေလွှတ်နိုင်ကာ လူ ၅၀ ခေါ်စာဆိုရင်တော့ လူ ၂၀ ကနေ ၃၀ ဝန်းကျင်လောက်သာ ရှာဖွေပြီး စာချုပ်ချုပ်ဆို စေလွှတ်နိုင်တော့တယ်လို့ သိရပါတယ်။
“အရင်က တဦးချင်း ခရီးသွားမှုကိုပဲ ကန့်သတ်မယ်လို့ပဲ သိထားတာ။ အခုက အေဂျင်စီတွေ ချိတ်ပြီး သွားလာနေတဲ့သူတွေကိုပါ ကန့်သတ်မှုတွေ ရှိလာတယ်။ စစ်မှုထမ်းဥပဒေ အတည်ပြုပြီး နောက်ပိုင်း လူငယ်တွေပြည်ပထွက်ခွင့်ကို အကြောင်းအမျိုးမျိုးနဲ့ တအားကို တင်းကြပ်လာတာ။ ကျွန်တော်တို့လက်ထဲမှာ အလုပ်ခေါ်စာတွေ အများကြီးရှိပေမယ့် အလုပ်သမားက လွှတ်စရာမရှိဘူး ဖြစ်နေတယ်” လို့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
လက်ရှိမှာ တရားဝင်စေလွှတ်ရမယ့် လုပ်သား ရှားပါးလာတဲ့အတွက် အေဂျင်စီ အတော်များများ လုပ်ငန်းလည်ပတ်ဖို့ အဆင်မပြေ ဖြစ်နေပြီး တချို့အေဂျင်စီတွေအနေနဲ့ တခြားလုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်ဖို့ ပြင်ဆင်လာကြတာတွေ ရှိတယ်လို့လည်း သိရပါတယ်။
အလုပ်သမားအရေး ဆောင်ရွက်သူတွေကတော့ အခုလို ပိတ်ပင်မှုဟာ တရားမဝင်လမ်းကြောင်းမှ ပြည်ပထွက်ခွာသူ ပိုမိုများပြားစေနိုင်ပြီး အလုပ်သမားဈေးကွက်ကိုလည်း ထိခိုက်စေနိုင်တယ်လို့ သုံးသပ် ပြောဆိုကြပါတယ်။
“ဒီလို ပိတ်ပင်ထားတာက တရားမဝင်လမ်းကြောင်းက ပို့နေတဲ့ လူကုန်ကူးပွဲစားတွေအတွက်ပဲ အကျိုးဖြစ်ထွန်းနိုင်လိမ့်မယ်။ နှစ်ဖက်အစိုးရလည်း နစ်နာနိုင်သလို အချိန်ပေးပြီး သင်တန်းတွေတက်၊ ငွေကုန်ကြေးကျခံပြီး ပြင်ဆင်ထားတဲ့ လူငယ်တွေအတွက်လည်း အရမ်းနစ်နာစေတယ်။ နောက်တခုက ထိုင်း MoU လုပ်သားတွေကို ကန့်သတ်မှုတွေ လုပ်ထားတာ။ ဒီလို လုပ်ထားတာကလည်း MoU လုပ်သားတွေကို သူများနိုင်ငံမှာ တရားမဝင်နေထိုင်တဲ့ အလုပ်သမားတွေ မဖြစ် ဖြစ်အောင် တွန်းပို့နေတာနဲ့ အတူတူပဲ” လို့ အလုပ်သမားအရေး ဆောင်ရွက်သူတယောက်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံသဘောတူညီမှု (MoU) စနစ်နဲ့ ၀င်ရောက်အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအနေနဲ့ လေးနှစ်ပြည့်ပြီးတဲ့အခါ ပြည်တွင်းကိုပြန်လာပြီး MoU U-Turn စနစ်နဲ့ သက်တမ်းတိုး ပြန်လည်ထွက်ခွာရမှာ ဖြစ်ပါတယ်။
အဲဒီလို ပြန်လည်ထွက်ခွာဖို့အတွက် မိမိတို့မိသားစုထံကို သတ်မှတ်ထားတဲ့ တရားဝင်ဘဏ်စာရင်းကနေ လစာရဲ့ ၂၅ ရာခိုင်နှုန်း တရား၀င်ငွေလွှဲပို့ထားတဲ့ အထောက်အထား ပြသနိုင်မှာသာ ပြည်ပ ပြန်လည်ထွက်ခွာဖို့အတွက် စာရွက်စာတမ်း ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဇူလိုင်လ ၃၀ ရက်နေ့မှာ စည်းကမ်းချက်အသစ် ထပ်တိုး ထုတ်ပြန်ထားပါတယ်။
ဒါအပြင် နစက က ဇွန် ၆ ရက်နေ့ကစပြီး အလုပ်သမား နိုင်ငံကူးလက်မှတ် (PJ) နဲ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) တွေကို ပြောင်းလဲခွင့်မပြုတော့သလို ပြည်ပထွက်ခွင့်ရှိတဲ့ အမျိုးသားတွေရဲ့ အသက်အရွယ်ကိုလည်း ကန့်သတ်ထားတာ ဖြစ်ပါတယ်။
#voiceofmyanmar #VOM #ပြည်ပအလုပ်ခေါ်စာ #ရှိပေမယ့် #တရားဝင် #လုပ်သား #ရှားပါးလာ #အေဂျင်စီ #အခက်တွေ့