မြိတ် – ထားဝယ်လမ်းပိုင်းမှာ စစ်ရေးတင်းမာနေတဲ့အတွက် ခရီးသွားကားတွေ နေ့စဉ် ရာနဲ့ချီ ပိတ်‌မိနေ 

ဩဂုတ် ၇ – ၂၀၂၄
SN (VOM)
တနင်္သာရီတိုင်းအတွင်းရှိ မြိတ် – ထားဝယ် လမ်းပိုင်းမှာ စစ်ရေးတင်းမာနေတဲ့အတွက် ခရီးသွားကားတွေ နေ့စဉ် တနေကုန်နီးပါး ရာနဲ့ချီ ပိတ်‌မိနေတယ်လို့ ‌အဲဒီလမ်းပိုင်း အသုံးပြုသူတွေက ပြောပါတယ်။
မြိတ် – ထားဝယ်လမ်းပိုင်းတလျှောက် အပါအဝင် ပုလောနဲ့ သရက်‌ချောင်းမြို့နယ်အစပ်မှာ ဩဂုတ် ၁ ရက်နေ့ကစလို့ နစကတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေတာလို့ သိရပါတယ်။
“တိုက်ပွဲက နေ့တိုင်းလိုကို ရှိနေတာ။ မြိတ်-ထားဝယ် ခရီးသွားတွေ နေ့တိုင်း ပိတ်မိနေတယ်။ စစ်တပ်ဘက်က လမ်းပိတ်ထားတာ။ တချို့ဆို အဲဒီလမ်းမှာ မနက်ကနေ ညနေအထိ အချိန် စုစုပေါင်း ရှစ်နာရီလောက် သောင်တင်နေတယ်။ အခြေအနေကြည့်ပြီး ကားတွေကို အကန့်အသတ်နဲ့ လွှတ်ပေးတာတော့ ရှိတယ်။ တချို့ဆို အချိန်အကြာကြီး မစောင့်နိုင်လို့ လာရာလမ်းအတိုင်း ပြန်လှည့်သွားတဲ့ သူတွေလည်းရှိတယ်” လို့ အဲဒီလမ်းပိုင်း အသုံးပြုသူတယောက်က ပြောပါတယ်။
လက်ရှိမှာ ဆင်ထိုးကြီး၊ အင်းမ ထားဝယ် – မြိတ် ကားလမ်းတလျှောက်မှာ KNLA ပူးပေါင်းတပ်တွေ နေရာယူထားသလို ပလောက်မြို့ဘက် လမ်းတလျှောက်မှာလည်း နစကတပ်တွေ နေရာယူထားတယ်လို့ ဆိုပါတယ်။
ဒါအပြင် ပုလောမြို့နယ် ဆင်ထိုးကြီးရွာနဲ့ သရက်ချောင်းမြို့နယ် အင်းမရွာအနီးတဝိုက်မှာလည်း ဩဂုတ် ၁ ရက်နေ့ကနေ ၅ ရက်နေ့အတွင်း တိုက်ပွဲအပြင်းအထန် လေးကြိမ်ဖြစ်ထားပြီး အရပ်သား သုံးယောက် သေဆုံးခဲ့ကာ တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် မလိုအပ်ဘဲ ခရီးမသွားကြဖို့နဲ့ လိုအပ်လို့သွားလာရင်လည်း စစ်ရေးသတင်းနားစွင့်ပြီးမှသာ သွားလာကြဖို့ KNLA ပူးပေါင်းတပ်တွေက မေတ္တာရပ်ခံထားပါတယ်။
#voiceofmyanmar #VOM #မြိတ်_ထားဝယ်လမ်းပိုင်း #စစ်ရေးတင်းမာနေ #ခရီးသွားကား #ရာနဲ့ချီ #နေ့စဉ် #ပိတ်‌မိ

Related posts

Leave a Comment

VOM News

FREE
VIEW